“ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မဲဆွယ်စည်းရုံးရေးမှာ ဗကပဗျူဟာကို သုံးပါတယ်။ ကျေးလက်ကို အခြေခံတယ်။ မြို့ကိုဝန်းရံတယ်ပေါ့” ဟု သူက ဆိုသည်။
ယခုတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲတွင် သူယခင်က မရောက်ဖူးသေးသော အမ်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေထိ သွားရောက် မဲဆွယ်နေကြောင်း ပြောကြားသည်။
“ ကျွန်တော်က ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ကျွန်တော့် ကိုယ်စားလှယ်များအတွက် မဲဆွယ် မဲဆွယ်စည်းရုံးဖို့ ကျွန်တော် ဒီဘက်ကိုရောက်ပါတယ်။ အမှတ်(၂) နယ်မြေကိုတော့ ကျွန်တော် မသွားနိုင်ခဲ့ဘူး။ ရေကြောင်းသွားရတာကိုး။ ဒီတစ်ခေါက်တော့ အမှတ်(၂)နယ်မြေကို ကျွန်တော် အခြေခံတယ်ပေါ့။ အမှတ်(၂)ဆိုတာက တပ်တောင်တို့၊ ရူးတို့ပေါ့။”
အမှတ်(၂) နယ်မြေကို စည်းရုံးရေးဆင်းရာတွင်လည်း အောင်မြင်မှုရနေကြောင်း သူက ပြောဆိုသည်။
“ နယ်မြေခွဲတဲ့အခါမှာ ကျွန်တော်တို့က ပထမဦးစားပေးအနေနဲ့ အမှတ်(၂)နယ်မြေပေါ့။ ကျောက်ဖြူတို့၊ မြေပုံတို့၊ ရမ်းဗြဲတို့နဲ့နီးတယ်ပေါ့လေ။ တောင်ကုတ်တို့လည်း နီးတယ်ပေါ့။ အဲဒီဘက်ကို ကျွန်တော်တို့ ဝင်ရောက်စည်းရုံးပါတယ်။ အထူးသဖြင့် စကားပြော၊ လေယူလေသိမ်းတွေက ကျောက်ဖြူတို့၊ ရမ်းဗြဲတို့၊ မြေပုံတို့နဲ့ တူကြပါတယ်။ အဲဒီဘက်ပိုင်းကို ကျွန်တော်တို့ဝင်ရောက်ပြီးတော့ အခြေခံအဖြစ်စည်းရုံးပါတယ်။ အောင်မြင်ပါတယ်။ အားလုံး ကျွန်တော်တို့ (၂)ပတ် ကျော်ကျော်အတွင်းမှာ နယ်မြေအားလုံးနီးပါးလောက်ကို ကျွန်တော်တို့ ဝင်ရောက်နိုင်ပါတယ်။ လူထုတွေနဲ့ တွေ့ပါတယ်” လို့ ပြောသည်။
အမှတ်(၁) နယ်မြေကို စည်းရုံးရေး ပြီးဆုံးသွားပြီလို့ ဒေါက်တာအေးမောင်က ပြောသည်။
“ အမှတ်(၁)နယ်မြေပေါ့။ ဒါးလက်ချောင်း၊ မဲတောင်၊ အမ်းမှာ မဲတောင်ဆိုတာရှိပါတယ်။ မဲတောင်ရဲ့ မြေပုံဘက်ခြမ်းတစ်ခြမ်းလုံးကို ကျွန်တော်တို့ အခုတွေ့ဆုံစည်းရုံးရေး ပြီးပြီလို့ ပြောလို့ရမယ်။ မဲတောင်ရဲ့ တောင်ကုတ်ဘက်ခြမ်းကို မနက်ဖြန်လောက်ကနေစပြီးတော့ သွားဖို့ရှိပါတယ်။”
အမှတ် (၁) နှင့် အမှတ် (၂) ကျေးလက်တောရွာများကို စည်းရုံးပြီးမှ အမ်းမြို့ကို နောက်ဆုံးဝင်စည်းရုံးမည်ဟု သူက ဆိုသည်။
“ နောက်ဆုံး အမ်းကျန်မယ်။ အဲဒီ အမှတ် (၁) နဲ့ အမှတ်(၂) ပြီး အမ်းမှာ လူထုနဲ့တွေ့ဆုံမှု၊ ဆွေးနွေးမှုတွေ လုပ်မယ်။ ခန့်မှန်းထားတာက မတ်လ ဒုတိယပတ်လောက်ဆိုရင် အားလုံးပြတ်သွားမယ်” ဟု ပြောသည်။
နောက်ဆုံး မဲဆွယ်စည်းရုံးရေး အစီအစဉ်ကို ဒေါက်တာ အေးမောင်က ယခုလို ဖွင့်ဟ ပြောဆိုသည်။
“ ကောက်သင်းကောက်တဲ့အနေနဲ့ကတော့ မတ်လ တတိယပတ်လောက်မှာ အရေးကြီးတဲ့ နယ်မြေတွေ ဖြစ်တဲ့ တပ်တောင်တို့၊ ရူးကို ဒုတိယအကြိမ်နဲ့ ရူးနဲ့တပ်တောင်ကြားမှာ ကျန်တဲ့ကျေးရွာလေးတွေကို ကျွန်တော်တို့ ဒုတိယ အကြိမ် ဝင်ဖို့ရှိမယ်။ နောက်ပြီးတော့ သဗြုချိုင်ကျွမ်းကို လိုအပ်တဲ့ရွာလေးတွေကို တစ်ခေါက်လေးတော့ သွားဖို့ရှိမယ်။ အဲလောက်ဆိုရင် မဲဆွယ်စည်းရုံးတဲ့ကာလ မတ်လ တတိယပတ် လောက်မှာ ကျွန်တော်တို့ ပြတ်သွားနိုင်ပါတယ်။ ပြီးသွားနိုင်ပါတယ်။ ဆိုတော့ နည်းက ခုနက ဧရိယာ တစ်ခုလုံးကို ကျွန်တော်တို့ အဓိက ထားပါတယ်။ ဧရိယာတစ်ခုချင်း တစ်ခုချင်းကို ကျွန်တော်တို့ စည်းရုံးသိမ်းသွင်းပြီးမှပဲ နောက်ဆုံးမှာ မြို့ပေါ် (၄)ရပ်ကွက်ကို ဟောပြောဖို့ရှိမယ်။ မတ်လ တတိယပတ်လောက်မှာ မြို့ပေါ်မှာရှိမှာပါ” ဟု ပြောဆိုသည်။







