စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်

စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်
ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)
ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေစဉ်ရွာတွင်ကျန်ရစ်သည့် အရပ်သားတဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း စုံစမ်းသိရသည်။

ဇွန် ၂၈ ရက်နေ့က ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အက်ကြီးကျေးရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာ အသက် ၆၀ အရွယ် ဦးအိုက်မောင် တဦးတည်းသာ ကျေးရွာထဲတွင် ကျန်ရှိစဉ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ကျေးရွာကလူတွေအားလုံးထွက်ပြေးတိမ်းရှောင်ကြတယ်။ ဦးအိုက်မောင်တယောက်တည်းကျန်ခဲ့တယ်။ တပ်မတော်က ဦးအိုက်မောင်ကို ခေါ်ပြီး ရိုက်နှက်ထားတယ်။ ဒီနေ့ မှ ပြန်လွှတ်လာပေးတယ်” ဟု စိုင်းထွန်းဝင်း ကဆိုသည်။

တပ်မတော်က ဦးအိုက်မောင်အား ရိုက်နှက်ထားသည့် ဒဏ်ရာသည် ပြင်းထန်ကြောင်း၊ လက်ရှိမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း လည်း စိုင်းထွန်းဝင်း က ပြောသည်။

ထို့ပြင် ယနေ့ မနက်ပိုင်း တွင်လည်း ကျောက်မဲမြို့ နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာတွင်လည်း တပ်မတော်မှ ပစ်သည့် လက်နက်ကျသဖြင့် အသက် ၅၆နှစ် အရွယ် အမျိုးသားတဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် အတွင်း စစ်ရှောင် ၅၀၀ကျော်ထိရှိလာကြောင်း၊ ထိုစစ်ရှောင်များအတွက် လည်း အစားအသောက် လိုအပ်နေကြောင်း စိုင်းထွန်းဝင်း က ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်းကျေးရွာ အတွင်းရှိ အောင်ဓမ္မာရုံတွင် စစ်ရှောင် ၃၃၀ ကျော် နှင့် ပန်လော့ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ကျော်တို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ ရုတ်တရက် ထွက်ပြေးလာရတဲ့အတွက် အဓိက လိုအပ်ချက်က ရိက္ခာပါပဲ” ဟု စိုင်းထွန်းဝင်း က ဖြည့်စွတ်ပြောသည်။

ထိုကျောက်မဲမြို့နယ် အတွင်းလွန်ခဲ့သည့် ၂၀၁၆ ခုနစ်တွင် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါ စစ်ရှောင်များသည် တကြိမ်ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့နယ် အတွင်း စစ်ရေး တင်းမာမှု များဆက်လက်တည်ရှိနေသဖြင့် ဒေသခံများ၏ လုံခြုံရေး သည် စိုးရိမ်နေရကြောင်းလည်း ကျောက်မဲဒေသခံများပြောပြချက် အရသိရသည်။

ဇွန် ၂၇ရက်တွင် ကျောက်မဲမြို့နယ် ဟိုင်းကွီးကျေးရွာသား ၂ဦးကိုတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဇွန် ၂၈ ရက်တွင်လည်း ကျောက်မဲမြို့နယ် အတွင်းရှိ လမ်းခုလပ်တခုတွင် ဒေသခံ၂ဦးကို တပ်မတော်မှလမ်းပြအဖြစ်ခေါ်ဆောင်သွားမှုများရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောပြချက် အရသိရသည်။

ထိုသူ၄ဦးသည် ဇွန် ၂၉ ရက်နေ့ မွန်းလွှဲပိုင်းတွင် တပ်မတော်မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်းလည်း စိုင်းထွန်းဝင်းက ပြောပြသည်။

Most read this week

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...