ပုံးအဝါရောင်ထဲ၌ အမည်းရောင် အရည်ကြည်များ ပါရှိလာသည်။ အားရကျေနပ်မှု မရှိသောသွင်ပြင်နှင့် စက်ကိုကိုင်နေသည့် လူကိုထပ်မံပြီး ကြိုးကို လွတ်ချခိုင်းလိုက်သည်။ ကြိုးသည် အချိန်အဟုန်လျှင်မြန်စွာဖြင့် တွင်း၏ အောက်ခြေဆီသို့ပြေးဆင်းသွားသည်။
“တွင်းက ကြာပြီဆိုတော့ သိပ်ပြီးအလုပ် မဖြစ်တော့ဘူး။ နောက်ထပ်မြေနေရာ ပြောင်းရတော့မယ်” တွင်းဝနားဆီသို့ နားကို အာရုံစိုက်နေသည့် ကိုထွန်းလင်းကဆိုလိုက်သည်။ သူတို့အဖွဲ့တွင် လုပ်သားအဖြစ် စုစုပေါင်းလေးဦးရှိသည်။ စက်ဆရာတစ်ဦး၊ တွင်းဆရာတစ်ဦး၊ ကြိုးကို ဆွဲငင်သူတစ်ဦး၊ ရေနံများကို ခတ်ယူပေးသူ တစ်ဦးဖြင့် အလုပ်မြိုင်ဆိုင်နေသည်။
အဝေးကလှမ်းမျော်ကြည့်လျှင် သူတို့၏ လုပ်ငန်းခွင်သည် စုတ်ချွန်းချွန်း သက်ကယ်ခေါင်းမိုးများကြားတွင် တမှုထူးခြား ပေါ်လွင်နေ သည်။ ရန်ကုန်ကျောက်ဖြူ ကားလမ်းအနီးတွင် ရှိသော ရေနံတောင်မြေပေါ်သို့ တွင်းဆရာ ရောက်ရှိလာသည်မှာ ဆယ်စုနှစ်တစ်ခုစာ ရှိခဲ့ပြီဖြစ်သည်။ သူ၏ ဇာတိသည် မြောက်ဦးမြို့နယ် ကျောက်ရစ်ကေဇာတိကဖြစ်သည်။
စားဝတ်နေရေးကြောင့် နေရပ်စွန့်ခွာ အလုပ်လုပ်ကို်င်ရင်း ကျောက်ဖြူမြို့နယ် ရေနံတောင်သို့ ရောက်ရှိလာ သည်။ ရေနံမြေ သို့ ရောက်ရှိပြီး နောက်တွင် သူ၏ ကျွမ်းကျင်မှုကြောင့် တွင်းဆရာအဖြစ်သို့ ရောက်ရှိလာခြင်းဟု ဆိုသည်။
မကြာသေးသော နှစ်ကာလများက ရေနံမြေသည် သူ၏ စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်သော်လည်း ယခုအချိန်တွင် ဖြေရှင်းပေးနိုင်မှု နည်းပါးခဲ့ပြီဖြစ်သည်။
“အရင်တုန်းက ဆိုရင် အဆင်ပြေပါတယ် အခုနှောက်ပိုင်းကျတော့ တူးတဲ့သူတွေများလာတာရယ် စရိတ်ကြီးမြင့်လာတာကြောင့် အမြတ်နည်းလာပါတယ် “ တွင်းဆရာခေါ် ကိုကျော်ထွန်းက ဆိုသည်။ ရေနံတွင်းတူးဖော်မှုသည် ယခင်ကာလများက ကုန်ကျစရိတ်နည်း ပါးခဲ့ကြသော်လည်း တန်ဖိုးများက မြင့်တက်လာခဲ့ကြပြီဖြစ်သည်။
ရေနံတွင်းတစ်ခု၏ ရေနံထွက်ချိန်အထိ ကုန်ကျစရိတ်သည် မီးစက်အပါအဝင် ကျပ်ငွေဆယ်သိန်းကျော်အထိ ရင်းနှီးမြုပ်နံရသည်ဟု ဆိုသည်။ လုပ်သားအင်အားကလည်း အနည်းဆုံးနှစ်ဦးခန့် လိုအပ်သည်။ လုပ်သားဦးရေကို လျှော့သုံးလာသည်မှာလည်း မကြာသေး။ စက်အားကို အသုံးမပြုခင်ကဆိုလျှင် လုပ်သားအင်အား အများအပြား သုံးခဲ့ရသည်ဟု ဆိုသည်။ ရေနံတူးဖော်၍ အမြတ်အစွန်းရမှုတွင် ရေနံလုပ်သားများက အမြတ်အစွန်း အနည်းပါးဆုံးဖြစ်သည်။
ကိုယ်ပိုင်မြေမဟုတ်ဘဲ ရေနံတူးဖော်သူများသည် မြေပိုင်ရှင်များအား ရေနံ ရ ပုံ ၁ ပုံခန့် ပေးရသည်။ တူးဖော်ရရှိလာသည့် ရေနံများ ကို ဝယ်ယူသည့် ဒိုင်များရှိပြီး ငါးဂါလံဆံ့ တစည်ကို ၁၃၀၀၀ကျပ် ရရှိသည်။ ရေနံတွင်းလုပ်ကိုင်သူများထက် ရေနံစိမ်းဝယ်ယူသည့် ဒိုင်များက ပိုပြီးအကျိုးအမြတ် ခံစားရကြောင်း သိရသည်။ တွင်းဆရာ ကိုကျော်ထွန်းတို့အနေနှင့် ရေနံတွင်းမှာ ရေနံတစ်ခုတည်း ကိုသာ တူးဖော်နိုင်သည်။ အဝယ်ဒိုင်များအနေဖြင့် ရေနံများကို ပုံစံသုံးမျိုးဖြင့်ထုတ်လုပ်ရောင်းချသည်ဟုဆိုသည်။
“ ဓါတ်ဆီ၊ ဒီဇယ်၊ ကြက်ချေးရေနံဆိုပြီးတော့ သုံးမျိုးသုံးစား ထုတ်ရောင်းကြတာပါ။ သူတို့တွေက ပိုပြီးအကျိုးမြတ် ခံစားခွင့်ရကြပါတယ်”
ထိုသို့ရေနံတူးဖော်မှုသည် တူးဖော်သူတိုင်း အောင်မြင်မှု ရရှိကြသည်မဟုတ်ဘဲ ပေအများကြီးတူးဖော်ပြီးမှ ရေနံမရရှိသဖြင့် ငွေကြေး အမြောက်အမြား မရရှိကြသူများလည်း ရှိကြသည်။ မြေကြီးပေါ်မှ ကံစမ်းနေတာနှင့်တူသည်ဟု ကိုထွန်းကျော်က သူတို့လုပ်ငန်း အခြေနေကို သုံးသပ်ပြသည်။
“စမ်းသပ်တူးဖော်တာ ၁ တွင်း၊ ၂ တွင်းအထိရှိပေမယ့် ရေနံမတွေ့ဘဲ အရင်းအနှီးတွေပဲ ဆုံးရှုံးသွားတာရှိပါတယ်။ ရေနံတွင်းတွေဟာ ၁၀ နှစ် ၀န်းကျင်အထိ ရေနံထုတ်ယူနိုင်ပြီး၊ ကြာလာတာနဲ့အမျှ ရေနံအထွက်နှုန်း လျော့ကျသွားတတ်ကြတယ်။ တချို့ရေနံတွင်းတွေက ပေ ၂၀၀ ကျော်လောက်မှာ ရေနံစထွက်တတ်ပေမယ့် တချို့တွင်းတွေကတော့ ပေ ၄၀၀ ကျော်တာတောင်မှ ရေနံမထွက်လို့ တူးဖော်မှုရပ်ဆိုင်းလိုက်ရပြီး ကုန်ကျစရိတ်တွေ ဆုံးရှုံးသွားတာမျိုးတွေလည်း ရှိတတ်ကြတယ်။ ကိုယ်ပိုင် ရေနံတွင်းတူးဖော်နေတာ ၂နှစ်ကျော်ပြီ ဖြစ်ပေမယ့် အကျိုးခံစားခွင့် မရှိတဲ့သူတွေလည်းရှိပါတယ်”
ရေနံတွင်းတူးဖော်ရာတွင် ပုံစံနှစ်မျိုးရှိကြောင်း သိရသည်။ စက်အားဖြင့်တူးဖော်သည့် နည်းလမ်းနှင့်လူအားဖြင့် တူးဖော်သည် နည်းလမ်းဖြစ်သည်။ ကိုထွန်းကျော်တို့ရေနံတွင်းနားရှိ ရေနံတွင်းကိုုတူးဖော်သည့် တွင်းခေါင်းဆောင်က တူးလက်စတွင်းကို တူးဖော်ရင်းသူ၏ အခြေအနေကိုပြောပြသည်။
“ကျောက်တွေ့ပြီဆိုရင် အရမ်းပင်ပန်းတယ် ဒါပေမဲ့ကျောက်ကြားကရရှိတဲ့ ရေနံက ပိုကြည်တယ်”
တွင်းများတူးဖော်ရာတွင် ရိုးရာနတ်များနှင့် ဘုမ္မိစိုးနတ် များအား ပူဇော်ပသကာတူးဖော်မှုများလည်းရှိကြသည်။
မီးစက်နှင့်တူးဖော်ရာတွင် မြေကျွမ်းကျင်သူတစ်ဦးအပြင် နောက်ထပ်လူနှစ်ဦး သို့မဟုတ် သုံးဦးအထိ တူးဖော်ကြရသည်။ လက်နဲ့တူးဖော်ရာတွင်မူ လူဦးရေလေးငါးယောက်အထိ လိုအပ်သည်။ အလုပ်သမားတစ်ဦးလျှင် ကျပ် ၂၅၀၀ ကနေ ၅၀၀၀ကျပ်အထိ ပေးရသည်။ သို့သော်လည်း ယနေ့အချိန်တွင်မှု လက်ဖြင့်တူးဖော်မှုလုပ်ငန်းသည် ခေတ်ကုန်ဆုံးခဲ့ပြီဖြစ်သည်။ အများစုမှာ မီးစက်နှင့်တူးဖော်ကြပြီး မီးစက်ဖိုးမတတ်နိုင်သူများက မီးစက်အား စုပေါင်းဝယ်ယူကြပြီး တူးဖော်ကြသည်။
တွင်းသစ်တူးဖော်သူများရှိကြသကဲ့သို့ တူးဖော်ပြီးသား တွင်းဟောင်းများအားလည်း ဈေးအနည်းငယ်ဖြင့်ဝယ်ယူပြီး လုပ်ကိုင် ကြသူများလည်း ရှိကြသည်။ ရေနံတွင်းတူးဖော်ခြင်းသည် ယခင်ကာလများက ဆိုလျှင် ပေတစ်ရာငါးဆယ် ဆိုလျှင် ရေနံရရှိသော်လည်း ယခုအခါတွင်မှု ပေသုံးရာနီးပါးတူးဖော်ကြရသည်။ ထိုအခြေနေမျိုးမှာသာ ရေနံကိုရရှိကြသည်။
ရေနံတူးဖော်သူများတွင် မျိုးရိုးလိုက်လုပ်ကိုင်ကြသူများ ရှိသကဲ့သို့ ယခုမှ စတင်လုပ်ကိုင်ကြသူများလည်း ရှိကြသည်။ ရေနံတူးဖော်သည့် ရွာများအဖြစ် မင်းပြင်၊ သရက်တောင်၊ ရေနံတောင် စသည့် ရွာများမှ ရွာသားများက လုပ်ကိုင်ကြသည်။ ရေနံလုပ်ငန်းအား မွေးကတည်းကနေ လုပ်ကိုင်ကြသည့် သူများရှိသကဲ့သို့ ယခုမှစတင်၍ လုပ်ကိုင်ကြသည့်သူများလည်းရှိကြသည်။
ရေနံလုပ်သားများတွင် ယောကျင်္ားချည်းသီးသန့်မဟုတ်ဘဲ မိန်းမများလည်းရှိကြသည်။ သူတို့၏ ဘဝများသည် ရေနံမြေပေါ်တွင် ရေနံ တူးဖော်ရင်း ကံစမ်းမလား သို့မဟုတ် ပြည်ပထွက်ပြီး အောက်ခြေသိမ်းလုပ်သား လုပ်မလား။ ရွေးချယ်စရာများက နည်းပါးသည်။ ယခုအချိန်ခါ ရေနံမြေကလည်း ယခင်ကကဲ့သို့ ရေနံထွက်မကောင်းတော့ချေ။ ရေနံရရှိမှု နည်းပါးလာခဲ့ပြီဖြစ်သည်။
ထိုသို့ရေနံတူးဖော်ရန် တွင်းနေရာများနည်းပါးလာမှုတွင် တရုတ်ကုမ္ပဏီကြီးများ လာရောက်မြေနေရာ စမ်းသပ်နေမှုများကလည်း ကိုထွန်းကျော်တို့လို ရေနံလုပ်သားများအတွက် စိုးရိမ်စရာဖြစ်သည်။
အဆင်မပြေမှုများကြားတွင် ထိုစိုးရိမ်စိတ်သည်လည်း သူတို့အတွက် ရတက်မအေးစရာ ဖြစ်သည့်အကြောင်းကို ထွန်းကျော်က ပြောပြသည်။ သူတို့နေထိုင်သည့် မြေသည် ရတနာရွေငွေများအား ဖန်ဆင်းပေးသော်လည်း သူတို့ကရရှိခြင်းမရှိကြချေ။ ကျောက်ဖြူမြို့မှ မဒေးကျွန်း ရေနံသဘာဝဓါတ်ငွေ့မှ ရရှိသည့် အကျိုးမြတ်ခံစားခွင့်များသည်လည်း သူတို့ဘဝကို ပြောင်းလဲနိုင်စွမ်းမရှိချေ။
ပိုက်လိုင်းတလျှောက်ရှိ ပြည်သူများ၏ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၃သန်းကျော် အကုန်ခံ၍ ဆောင်ရွက် ပေးထားကြောင်း လည်း ဒုုသမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုခဲ့သေးသည်။ ပိုက်လိုင်းတလျှောက်ရှိ ဒေသခံပြည်သူများကမူ ၎င်းတို့၏ဖွံ့ဖြိုးရေးအတွက် ထိရောက်သည့်ကူညီမှုမရှိသေးဟု မီဒီယာများကို ပြောဆိုကြသည်။ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွား၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။
ရေနံပိုက်လိုင်းစီမံကိန်းအား အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြန်မာအစိုးရက ၁ ဒသမ၂၀၄ဘီလီယံ ထည့်ဝင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်ထားကာ နှစ် ၃၀ စီမံကိန်းဖြစ်ကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နိုင်ငံတကာ ရေနံ စိမ်းတင်သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနံတင်သင်္ဘောဆိပ်ကမ်း ဖြစ်ကြောင်းလည်း ဒုသမ္မတက ဆိုသည်။ ၎င်း စီမံကိန်းပေါ်မှုတည်၍ ပြောင်းလဲလာကြသည်မှာလည်း အဆောက်အဦးများမှလွဲ၍ ဘာမျှပြောင်းလဲခြင်း မရှိသေး။ သူတို့၏ ဝင်ငွေသည်လည်း တိုးတက်မှုမရှိလာသေး။
ရေနံတောင်မြေပေါ်တွင်သာ ရေနံတွင်း တွင်းဟောင်းရာများ များပြားလာကြသည်။ နေပူအောက်တွင်သာ သတို့၏ အသားရောင်များ မှုလရောင်သာ ပျောက်ဆုံးလာသည်။ ကျည်တောက်က ရေနံကို ဆီဘူးထဲတွင်ထည့်ရင်း ကြိုးကိုရေနံတွင်းနက်ထဲသို့ ပြန်လွတ်ချကာ သူ၏ အဖြစ်အပျက်ကို ရေနံတွင်းကိုကြည့်ရင်း ကိုထွန်းကျော်က တွေဝေစွာ ပြောလိုက်သည်။
“ ဒီရေနံတွင်းနက်သလို ကျွန်တော်တို့ဘဝရဲ့ဆင်းရဲတွင်းလည်း နက်နေပါအုံးမှာပါ ဘဝတွေကလည်း ဒီရေနံလို အရောင်ညစ်နေဆဲပေါ့”





