ရခိုင်ပြည်နယ်မှ သီးနှံထွက်ကုန် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော ကွမ်းသီးစျေးမှာ ခါတိုင်းနှစ်များနှင့် မတူ စျေးကျနေရာ ကွမ်းသီးစိုက်ပျိုးသူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း သိရသည်။
ကွမ်းသီးစျေး ကျရခြင်းမှာ မြန်မာ-ဘင်္ဂလားနယ်စပ် ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှု လျော့ကျသွားရာမှ ကွမ်းသီးစျေးကျရခြင်း ဖြစ်ကြောင်း ရခိုင့်တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ထွန်စက်စခန်း တာဝန်ခံလည်းဖြစ်၊ ကွမ်းသီးပင် စိုက်ပျိုးသူလည်းဖြစ်သည့် ဦးမောင်သာစိန်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“အရင်နှစ်တွေက ကွမ်းသီး ၁ ဧက ကွမ်းသီးထွက်နှုန်းက မောင်း ၂၀ ကနေ ၃၀ ထိ ထွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ၁၀ မောင်းလောက်ပဲ ထွက်ပါတော့တယ်။ တစ်မောင်းမှာ ၂၅ ပိသာ ရှိပါတယ်။ ကွမ်းသီး စျေးနှုန်းဟာလည်း ၂၀၁၆ ခုနှစ်က ကွမ်းသီး တစ်မောင်းကို ကျပ် ၁ သိန်းခွဲကနေ ၁ သိန်း ၈ သောင်းထိ စျေးပေါက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ကျပ် ၁ သိန်းပဲ စျေးပေါက်ပါတယ်”ဟု ဦးမောင်သာစိန်က ပြောသည်။
အဓိက ကွမ်းသီးစိုက်ပျိုးသည့် မြောက်ဦးမြို့နယ်တွင်လည်း ယခုနှစ် ကွမ်းသီးအထွက်နည်းပြီး ကွမ်းသီးစျေး ကျနေသဖြင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် ထိခိုက်နေသည်ဟု သိရသည်။
ကွမ်းသီး အထွက်နှုန်း နည်းရခြင်းမှာ ၂၀၁၅ ခုနှစ် ရေကြီးမှုဒဏ်ကြောင့် ကွမ်းသီးပင်များ သေခြင်းနှင့် ကွမ်းသီးပင်များ ထိခိုက်ခဲ့ရခြင်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကွမ်းသီးအရောင်းအဝယ်လုပ်နေသည့် ဦးမောင်သိန်းလှက “ကွမ်းသီး အထွက်နှုန်းက လွန်ခဲ့တဲ့ နှစ်ကထက် ထက်ဝက်လောက် လျော့ကျသွားပါတယ်။ ၂၀၁၅ က ရေကြီးဒဏ်ကြောင့် ရွှံ့တွေက ၃ ပေလောက်ထိ တက်သွားတဲ့အတွက် အပင်တွေက ခါးစည်းပြီးတော့ သေဆုံးမှုတွေကြောင့် ဖြစ်ရတာပါ။ အဓိကတော့ ကွမ်းသီးပင် သေတဲ့အတွက် အထွက်နှုန်းလျော့ကျသွားခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။
အဆိုပါရေကြီးမှုကြောင့် မြောက်ဦးမြို့နယ် နှင့် မင်းပြားမြို့နယ်အစပ် နေရာများဖြစ်သည့် မြောင်းဘွေနှင့် လက်သန်းချေကျေးရွာများတွင် တစ်ချို့တောင်သူများ၌ စိုက်ခင်းတစ်ခုလုံးရှိ ကွမ်းသီးပင်များ သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
“ကွမ်းသီး ထွက်နှုန်း လျော့ကျသွားပြီး၊ ကွမ်းသီး စျေးပါ လျော့ကျသွားပါတယ်။ ဒါပေမယ့် အလုပ်သမား စျေးနှုန်းနဲ့ ကွမ်းသီးပင် ထိန်းသိမ်း စရိတ်တွေက လျော့ကျသွားခြင်း မရှိတဲ့အတွက် ကွမ်းသီးစိုက် တောင်သူတွေအတွက် တွက်ခြေမကိုက် ဖြစ်နေကြရပါတယ်။ ရှုံးတာတော့ မဟုတ်ပါဘူး”ဟု ဦးမောင်သာစိန်က ဆက်လက် ပြောဆိုသည်။
ကွမ်းသီးပင်များကို စတင် စိုက်ပျိုးစဉ်ကာလမှ ၈ နှစ် နှင့် ၁၀ နှစ် အတွင်း အသီးကို စတင်ဆွတ်ခူး ရရှိနိုင်ပြီး ကွမ်းပင် တစ်ပင်၏ သက်တမ်းမှာ နှစ် ၄၀ မှ ၅၀ အထိ ရှိသည်ဟု သိရှိရသည်။







