တိုက်ခိုက်ခံရပြီး လွတ်မြောက်လာသူ ဦးအောင်ကျော်စိန် အပါအဝင် ရွာသား ၃၉ ဦးသည် ပျောက်ဆုံးနေသူ ဦးထွန်းသာမောင်အား လိုက်ရှာစဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အလောင်းရှာဖွေတွေ့ရှိရာ အနီးတွင် ၎င်းအကြမ်းဖက်သမား စခန်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။
“ ကျွန်တော်တို့ အလောင်းကို လိုက်ရှာစဉ် မှာ လက်ဝဲဒက် ချောင်းဖျားအနီး တောင်အောက် မြောက်ဖက်ရှိ တောင်ကြားမှာ ပေ ၄၀ ခန့်ရှိ ဆက်သွယ်ရေး တူးမြောင်းတစ်ခု တူးထားတာကို တွေ့ရပါတယ်။ အနီးမလှမ်းမကမ်းမှာ အလျှား ရ တောင်ခန့် မြင့်တဲ့ စင်မြင့်တစ်ခုကိုတွေ့ရပါတယ်။ အဲဒီ စင်မြင့် အထက်မှာ မိုးကာနဲ့ ထုပ်ပိုး ထားတဲ့ အထုပ် တစ်ထုပ်ကို တွေ့ရပါတယ်။ အဝတ်အစားတွေ နေလှမ်းထားတဲ့ နေရာတွေနဲ့ စားသုံးဆီဗူးကြီးအခွန် ၂ ဗူး၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံလုပ် စီကရက်ဘူးခွံတွေ၊ ဆေးလိပ်တိုတွေကို တွ့ရပါတယ်။ နောက် တာလပတ်နဲ့ ထုပ်ပိုးထားတဲ့ အထုပ် တစ်ခုကို ထပ်မံ တွေ့ရှိပြီး ဖွင့်ကြည့်တဲ့ အခါမှာတော့ ဆိုလာ (၃၅ ) ဝပ်ပြား ၁ ပြား၊ ဘတ္ထရီ (၁၂) ဗို့ ၁ လုံး၊ ဆန် ၁ အိတ်၊ ဖယောင်းတိုင်၊ ဆပ်ပြာမူန့်၊ ဝါယာကြိုးများ ၊ ဆိုလာမီးသီး(၁)လုံး ၊ ပေါက်ပြား(၂)လက်၊ အဝတ်အစား အနည်းငယ်နှင့် ကိုရမ် ကျမ်းစာအုပ် တစ်အုပ်တို့ကို တွေရှိခဲ့ရပါတယ်” ဟု ဦးအောင်ကျော်စိန်က ပြောသည်။
အကြမ်းဖက်သမားများသည် ဦးထွန်းသာမောင်အား သတ်ဖြတ်ပြီးနောက် လုံခြံုရေး တပ်ဖွဲ့များ လိုက်လာမည်ကို သိရှိသဖြင့် ၎င်းစခန်းမှ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
အခင်း ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ ဦးအောင်ကျော်စိန် (၄၆) နှစ်(ဘ) ဦးကျော်သာအောင်နှင့် ဦးထွန်းသာမောင် (၂၈) နှစ် (ဘ) ဦးလှသန်းအောင် တို့သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဟင်းစားလိုက်ရှာရင်း မောင်တောမြို့နယ် ကိုင်းကြီးချောင်း လက်ဝဲဒက်ချောင်းဖျားသို့ ရောက်လာခဲ့ကြောင်း၊ ၎င်းအနီးအနားအရောက်တွင် ဓါးရှည်ကိုင်ထားသည့် ဘင်္ဂလီ ၁ ဦးကို တွေ့ရကြောင်း၊ ၎င်းကိုင်ထားသော ဓါး အရှည်မှာ ၃’ ပေ အသွား ၄” လက်မခန့်ရှိပြီး ခါးတွင် ဘင်္ဂလာဒေ့ရ်နိုင်ငံလုပ် ဓါတ်မီးတစ်လက် ချိတ်ထားကြောင်း၊ သူတို့ ၂ ယောက်ကို ချောင်းဖျားအထက်သို့ ဆက်တက်မလာဖို့ ချောက်ကမ်းပါးများရှိသည်ဟု ဆိုကာ ဘင်္ဂလီကုလား စကားဖြင့်ပြောကြောင်း၊ ၎င်း တို့ ၂ ဦး ရှေ့ဆက်မသွားဘဲ ၎င်းနေရာတွင် ပါလာသည့် ထမင်းထုတ်ကို ဖွင့်စားနေကြချိန် ဘင်္ဂလီတစ်ဦးက တောင်ပေါ်သို့ “လာခဲ့ လာခဲ့ ပြန်တော့မယ်ဟု” ဘင်္ဂလီစကားဖြင့် လှမ်းပြောကြောင်း၊ အဲဒီနောက်တောင်ပေါ်က နောက်ထပ်ဘင်္ဂလီ ၂ ဦးဆင်းလာခဲ့ကြောင်း၊ တစ်ဦးက ရဲဒင်းတစ်လက်၊ နောက်တစ်ဦးက လက်ကိုင်ဖုန်းတစ်လုံး၊ လက်နှိပ်ဓါတ်မီးကိုယ်စီ ကိုင်ဆောင်ထားပြီး သူတို့ ၂ ဦး ထမင်းစားနေရာသို့ ရောက်ရှိလာခဲ့ကြောင်း၊ အနီးရောက်လာသည့် အခါ ထမင်းအတူစားနေသည့် ထွန်းသာမောင်ကို ရဲဒင်းဖြင့် ခုတ်ကြောင်း၊ ဦးအောင်ကျော်စိန်မှာ ထွက်ပြေးကြောင်း၊ ဓါးကိုင်ထားသည့် ဘင်္ဂလီက လိုက်ခုတ်ကြောင်း၊ ကျောက်တုံးတွင် ခြေလျှော်လဲကျသွားသဖြင့် ကျောကုန်းမှာသာ နည်းနည်းလေး ဓါးထိသွားခဲ့ကြောင်း ဦးအောင်ကျော်စိန် ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။
၎င်းနောက်တွင် ကျောက်စာတိုင် ကျေးရွာသား ၃၉ ဦးသည် တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးကျန်ခဲ့သူ ဦးထွန်းသာမောင်အား လိုက်ရှာခဲ့ကြရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် ကိုင်းကြီး(မြို )ရွာအနီးရှိ လက်ဝဲဒက် ချောင်းဖျားတွင် ထွန်းသာမောင်၏ အလောင်းအား ယာလည်ပင်း၊ကျောကုန်း ပြတ်ရှဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ရကြောင်း၊ ည ၁၀နာရီ မိနစ် ၅၀ တွင် မောင်တောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သိရသည်။
“ ကျွန်တော်တို့ အလောင်းကို တွေ့ပြီးနောက် ကိုင်းကြီးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ စစ်တပ်ကလည်း လိုက်လာပါတယ်။ အလောင်းကို သွားယူစဉ်မှာ စခန်းရှိနေရာကို တပ်ကို လိုက်ပြခဲ့ပါတယ်။ တပ်က တာဝန်ရှိသူတွေက စစ်ဆေးခဲ့ပါတယ်” ဟု ရွာသားများက ပြောဆိုသည်။
အသတ်ခံထားရသော အလောင်းကို တောထဲတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရှိခဲ့ရသည်ဟု မောင်တောမြို့နယ် ရဲစခန်းမှူး ဦးကျော်မြဝင်းကလည်း နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။
“ အလောင်းကိုတွေ့ရှိတာက ဖေဖော်ဝါရီ ၂၆ ရက်နေ့ တွေ့ရှိခဲ့ပါတယ်။ ဒီအမှုကို နယ်ခြားစောင့်တပ်က ကိုင်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ နယ်ခြားစောင့်တပ်ကို မေးပါ” ဟု ပြောကြားသည်။
အဆိုပါ လူသတ်မှု ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိနိုင်ရန် မောင်တောမြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့၊ မောင်တောမြို့နယ် ထွေအုပ်ရုံး၊ ဘူးသီးတောင်ထွေအုပ်ရုံး၊ ဘူးသီးတောင်မြို့နယ်မှူးသို့ ဖုန်းမှ တစ်ဆင့် ဆက်သွယ်သော်လည်း တစ်စုံတစ်ရာ တုန့်ပြန် ဖြေကြားမှု မရှိပါ။
အဆိုပါ မူခင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် “ ခမီးလူမျိုး ထွန်းသာမောင် (၂၈) အလောင်းကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် ကိုင်းကြီး(မြို )ရွာအနီးရှိ လက်ဝဲဒက် ချောင်းဖျားတွင် တွေ့ရှိကြောင်း ဖော်ပြထားသည်။







