စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် “ဒို့တာဝန်အရေး သုံးပါး” ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကိုအခြေခံပြီး ဆွေးနွေးနေခြင်းဖြစ်သောကြောင့် ချင်းအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဘုံသဘောတူညီချက်တွင် မထည့်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။
ချင်းအမျိူးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးထက်နီက “ အခုသွားနေတဲ့ NCA ရဲ့ အဓိကရည်တည်ချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားနေတာဖြစ်တယ်၊ ဖက်ဒရယ်ဆိုမှတော့ ခွဲထွက်ခွင့်က ဘာဖြစ်လို့ထည့်နေရတော့မှာလဲ ၊ ကျနော်တို့ဒီနေ့သွားနေတာက ပင်လုံစိတ်ဓာတ်ဆိုတဲ့ဟာ ဖက်ဒရယ်ကို အတူတူတည်ထောင်မယ်ဆိုတဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် NCA က သွားနေတာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။
ယမန်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြားအခြေခံမူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ပြည်ထောင်စုမှ ခွဲထွက်လိုပါက မည်သည့်အချိန်တွင် မဆိုခွဲထွက်ခွင့်ရှိရမည်” ဟုအဆို ပြုလာသူများလည်းရှိခဲ့သည်။
ဤအဆိုအပေါ် ဆွေးနွေးကြရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါး” နှင့် ဆန့်ကျင်မှုရှိသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်လာနိုင်သည့်အတွက် ဘုံသဘောတူညီ ချက် တွင် မထည့်သွင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။
၁၉၄၇ခုနှစ် ပင်လုံစာချုပ်တွင် သဘောတူထားသော အချက်တွင်ပါ၀င်သည့် “တိုင်းရင်းသားများသည် ပြည်ထောင်စုမှ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိစေရမည်” ဟု ချင်း၊ ကချင်၊ ရှမ်း၊ ဗမာ ခေါင်းဆောင်များက ရေးဆွဲ ချမှတ်ခဲ့သည့် အခြေခံမူကို လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ဆက်လက်မှတ်တမ်း တင် မှတ်သားထားရန် ချင်းအမျိူသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်၊ အစိုးရနှင့် လက်နက်ကိုင် အင်အားစုများအကြား နားလည်မှု၊ ယုံကြည်မှု ရရှိရန် အရေးကြီးသည့်အချက်ဖြစ်သောကြောင့် ချင်းအမျိုးသားများကလည်း အစိုးရအပေါ် အယုံအကြည် အပြည့်အဝထားသင့်ကြောင်း၊ ထိုမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်အကောင်အထည် ဖေါ်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်များနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ချုပ်ဆိုသည့် သဘောတူစာချုပ်တွင် “နိုင်ငံရေး တွေ့ဆုံဆွေးနွေးရာတွင် အခြေခံရမည့် မူဝါဒ” များဖြစ်သော ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တဲ့ခိုင်မြဲရေး တို့အပြင် ဒီမိုကရေစီထွန်းကားရေး၊ ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားလူမျိုးများအရေး တို့ဖြစ်သည့် ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အခြေခံမူဝါဒ အဖြစ် အတည်ပြုခဲ့ပြီးဖြစ်သည်။







