ချောင်းရေလျှံမှုကြောင့် စစ်ရှောင်များ အိမ်ပြိုမည်ကို စိုးရိမ်

ချောင်းရေလျှံမှုကြောင့် စစ်ရှောင်များ အိမ်ပြိုမည်ကို စိုးရိမ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်အနီးရှိ ပါကထောင့် စစ်ရှောင်စခန်းမှ စစ်ရှောင်များမှာ အနီးနားရှိချောင်းရေကြီးမှုကြောင့် ရေတိုက်စားမှုများကြုံနေရသဖြင့် တဲများ ပြိုမည်ကို စိုးရိမ်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

ပါကထောင့် စစ်ရှောင်စခန်းအနီးရှိ နမ့်မောန်ချောင်း ရေကြီးပြီး  ရေတိုက်စားမှုကြောင့် ချောင်းနံဘေးတွင် ဆောက်ထားသည့် အိမ်သာနှစ်လုံးနှင့် စိုက်ခင်းအချို့က ဇွန်လ ၂၄ ရက်နေ့က ချောင်းထဲ မျောပါသွားခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။

မိုးများဆက်တိုက် ပြင်းထန်စွာရွာသွန်းနေသည့်အတွက် “ကျမတို့ အခုနေထိုင်နေတဲ့ အိမ်တွေက  ဆောက်ပေး ထားတာ သက်တမ်းအချိန်ကာလ ကြာပြီဆိုတော့ အိမ်တိုင်တွေကလည်း မခိုင်တော့ဘူး။ နံရံ ထရံတွေလည်း  ဆွေးနေပြီ။ ပြီးတော့ အိမ်အမိုး သွပ်ကအစ မိုးယိုတာတွေ ရှိနေတယ်။ ဆိုတော့ အခုလို မိုးတွေလည်း အဆက် မပြတ် သဲသဲမဲမဲ ရွာနေမယ် ဆိုရင် အိမ်တွေ ယိုင်လာမှာကို ပြိုလာမှာကို စိုးရိမ်နေတယ်” ဟု ပါကထောင့် စစ်ရှောင်စခန်းမှ ဒေါ်လဖိုင်ကော့နန် က ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် နယ်နိမိတ်ဖြစ်သည့် နမ့်မောန်ချောင်းသည်လည်း နှစ်စဉ် မိုးတွင်းကာလ ရေ ကြီးခြင်း၊ ကမ်းပါးများတိုက်စားခြင်းတို့ကြောင့် စစ်ရှောင်များအနေဖြင့် အခက်အခဲအမျိုးမျိုးနှင့် ကြုံနေရသည်ဟု ပြောသည်။

ယမန်နှစ်များကလည်း မိုးတွင်းကာလအတွင်း စစ်ရှောင်များ၏ ဈေးဆိုင်ခန်းများ၊ မွေးမြူထားသည့် ဝက်နှင့် ဝက်ခြံများ၊ အိမ်မွေးတိရိစ္ဆာန် ကြက်များနှင့် စိုက်ပျိုးထားသည့် တပိုင်တနိုင် သီးနှံစိုက်ခင်းများ ရေထဲ မျောပါသွားခဲ့ သည်ဟု စစ်ရှောင်များက ပြောသည်။

ထို့ကြောင့် “အိမ်တွေ မခိုင်တော့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေကို တိုင်ထားတာတွေလည်း ရှိတယ်။ ကြာလည်း ကြာပြီပေါ့။ ဒါပေမယ့် ဒီအိမ်တွေကို ပြန်ဆောက်ပေးတာ၊ ပြန်ပြုပြင်ပေးတာတွေ မရှိခဲ့ဖူး ဘူး။ အခုလိုမျိုး မိုးတွင်းကာလမှာ မိုးနဲ့ လေတွေ ပါလာမယ်ဆိုရင်တော့ ကျမတို့ အိမ်တွေ ပျက်စီးသွားမှာကို စိုးရိမ်တယ်။” ဟု ဒေါ် လဖိုင်ကော့နန်က ပြောသည်။

၎င်းတို့ ကြုံနေရသည့် အခက်အခဲများကို KIO ဒုက္ခသည်ကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့အား အကူအညီတောင်းခံထားသော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း၊ ဆောင်ရွက်ပေးခြင်းများ မရှိသေး ဟု လည်း စခန်းတာဝန်ခံများ က ပြောသည်။

ပါကထောင့် စစ်ရှောင်စခန်း အတွင်းရေးမှုး ဦးဘရန်ဆိုင်းကလည်း “ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အထက်လူကြီးတွေကို အဆင့်ဆင့်ပြောထားတယ်။ တင်ပြထားတာတွေလည်း ရှိတယ်။ သူတို့ဆီက ဘယ်လို လုပ်ဆောင်ပေးမယ်၊ စီစဉ်ပေးမယ်ဆိုတဲ့ ဘတ်ဂျက်တွေ ချပေးပြီးပြီဆိုမှဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်။ ပြီးတော့ တခြား NGO အဖွဲ့အစည်းတွေကို အကူအညီတောင်းထားတာတွေလည်း ရှိတော့ ရှိတယ်” ဟု ပြောသည်။

ပါကထောင့် စစ်ရှောင်စခန်းသည် KIO ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး တပ်မတော်နှင့် ကေအိုင်အေ အကြား တကြော့ပြန်ဖြစ်ပွားလသည့် တိုက်ပွဲများကြောင့် ၂၀၁၂ ခုနှစ်က စတင်ပြီး ဖွင့်ခဲ့သည့် စစ်ရှောင် စခန်းတစ်ခုဖြစ်သည်။

အဆိုပါ စစ်ရှောင်စခန်းတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီ မြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မုံးကုံးမြို့နယ်များ အတွင်းရှိ ဆင်လွမ်း၊ မိုင်းခေါင်၊ ဘွမ်ကထောင့်၊ ဇီးအွန်၊ လွယ်ကန်၊ မထန်၊ ဂေါင်ဂျာ ယန်၊ မရုယိန်းဇုန် ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၀၀ ကျော်မှ ထွက်ပြေးလာကြသည့် စစ်ရှောင်ဒုက္ခသည်များ  နေထိုင်လျက် ရှိသည်။

ပါကထောင့် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၅၉၃ စု၊ လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော် ရှိသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...