နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် UEC နှင့် နိုင်ငံရေးပါတီများ လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။
နိုင်ငံရေး ပါတီအချင်းချင်း ဆက်ဆံရေး၊ မီဒီယာများအား အလွဲသုံးခြင်း၊ သတင်းမှားများ အသုံးပြုခြင်း၊ နှင့် အခြားသော နိုင်ငံရေးပါတီများ ဆောင်ရန် ရှောင်ရန်များကို ကျင့်ဝတ်များတွင် ထည့်သွင်းဖော်ပြထားသည်။
ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံကာ လက်မှတ်ရေးထိုးကြမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“၂၆ ရက်နေ့ညနေ တစ် နာရီခွဲမှာ Melia Hotel မှာ ခေါ်ထားပါတယ်။ အဲဒါအကုန်လုံး အတည်ပြုလက်မှတ်ထိုးကြမှာပေါ့နော်။ နိုင်ငံရေး ပါတီရယ် UEC ရွေးကောက်ပွဲ ကော်မရှင်ရယ်ပေါ့။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLND အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်ကလည်း “အဲဒါ ကျင့်ဝတ် တွေက လုပ်လာတာ လေးငါး နှစ်ရှိပြီပေါ့နော်။ အရင်ကတည်းကလည်း ရှိတယ် ၂၀၁၅ တုန်း ကလည်းရှိ တယ်။ မပြီးမပြတ်သေးဘူး။ အဲဒါက ဆွစ်ဇာလန်သံရုံးကနေ ကမကထ ပြုပြီးတော့မှ အနောက် တိုင်းမှာ ကျင့်သုံးနေတဲ့ စံတစ်ခုကိုယူ ပြီးရင် ကျနော်တို့ ဒီနိုင်ငံရဲ့ နိုင်ငံရေး ပါတီများ အချင်းချင်း တစ်ဖက်နဲ့ တစ်ဖက် ဘာတွေ လိုက်နာသင့်သလဲ ဆိုတာကို စုပေါင်းပြီးမှ ရေးဆွဲထားတာ အဆိုပြုထားတဲ့ အချက်တွေ အဲဒါတွေ စုပေါင်း ပြီးတော့မှ အားလုံးသဘောတူညီချက်ရအောင် စုဆုံပြီး လက်မှတ်ရေးထိုးဖို့ပါ” ဟု ပြောသည်။
နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို မြန်မာနိုင်ငံရှိ ဆွစ်ဇာလန် သံရုံးက ကမကထပြုကာ ၂၀၁၄ ခုနှစ်က စတင်ကလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ကြပြီး ယခုလက်မှတ်ရေးထိုးမည့် code of conduct မှာလည်း ယခင် ၂၀၁၅ ခုနှစ်က အသုံးပြုခဲ့သည့် COC ကိုသာ ပြန်လည်ပြင်ပြု မွမ်းမံထားခြင်း ဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။
၂၀၁၅ ခုနှစ်က COC ကို ပြန်လည်ပြုပြင် မွမ်းမံရေးဆွဲရာတွင် ပါဝင်သည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က “အခု ဒီ ၂၀၂၀ မှာ အခန်း ၇ ခန်းဖြစ်လာတယ်။ ပိုပြီး ပြည်စုံလာတာက ကျနော်တို့ မီဒီယာ abuse (အလွဲသုံး) လုပ်တဲ့ ဟာတွေပေါ့နော်။ မီဒီယာ abuse လုပ်တဲ့ဟာ fake news (သတင်းမှား) တွေကို သေသေချာချာကျနော်တို့ အဲဒါကို စီမံခန့်ခွဲတဲ့ ကိစ္စတွေ ပါလာတယ်ပေါ့နော်” ဟု ပြောသည်။
“နောက်တစ်ခါ နိုင်ငံရေး ပါတီ အချင်းချင်း စောင့်ကြည့် ညှိနှိုင်း ရေးကော်မတီပေါ့ monitoring committee ပေါ့နော်။ အဲဒီ monitoring committee ရဲ့ လုပ်ဆောင်ချက် တွေ ပိုပြီးတော့မှ အားကောင်းလာတယ်။ ပိုပြီး ပြည်စုံလာ တယ်ပေါ့။ ကျန်တာကတော့ ၂၀၁၅ ကိုပဲ ကျနော်တို့က သေချာပြန် edit လုပ်တယ်။ ပြန်လိုအပ်တာဖြည့်တယ်။ အဲဒါတွေပါ အဓိကကတော့ အဲဒီ media abuse ကို ကျနော်တို့ သေချာပြင်ဆင်နိုင်တာ တကယ့်ကြီးမားတဲ့ အပြောင်းအလဲပေါ့နော်။ ဒီ ၂၀၂၀ COC အတွက်” ဟု ဆက် ပြောသည်။
နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် COC ထဲတွင် လူမှုမီဒီယာများမှ တစ် ဆင့် မဟုတ်မမှန် သတင်းများဖြင့် တစ်ဦးကို တစ်ဦး အပုပ်ချ တိုက်ခိုက်မှုများကို စောင့်ကြည့် စီမံနိုင်သည့် အချက်အား အသစ်အနေဖြင့် ထည့်သွင်းထားပြီး ကျန်သည့် အချက်များမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ အချက်များကို ပြန်လည်ပြုပြင် မွမ်းမံရေးဆွဲထားခြင်းဖြစ်သည်ဟု ဒေါက်တာ M ကောန်လ ကပြော သည်။
၂၀၁၅ ခုနှစ် COC တွင် ပါရှိသည့် အခန်းအလိုက် အပိုဒ်ခွဲများထဲမှ မရှင်းလင်းသည့် အချက်များကို ပိုမို တိကျ ရှင်းလင်းသည့် အချက်များ ဖြစ်လာအောင် နားလည်လွယ်သည့် စကားလုံးများဖြင့် ထည့်သွင်းကာပြင်ဆင်ရေးသားထားသကဲ့သို့ အနှစ်သာရအရလည်း ပို၍ ပြည့်စုံလာသည်ဟု ဒေါက်တာ Mကောန်လ က ဆက်ပြောသည်။
“စကားလုံး အပြောင်းအလဲတွေလည်း ပြောင်းသလို အနှစ်သာရလည်း တော်တော်ပြောင်းပါတယ်။ အနှစ် သာရပိုင်းဆိုရင် ခုနက ကျနော်တို့က သူ့ definition ကို တိတိကျကျ ဖွင့်တဲ့အတွက်ကြာင့်မို့လို့ အနှစ်သာရမှာ ထိရောက်စွာ ဆောင်ရွက်လာနိုင်တယ်ပေါ့နော။ ဒါ့အပြင် ပိုပြီးထိရောက်တဲ့ အနှစ်သာရတွေ အဲဒီမှာ ထည့်သွင်းလာနိုင်တယ်ပေါ့။”
ကျင့်ဝတ် (code of conduct) ထဲတွင် ပါဝင်သည့် အချက်များမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပါတီများ အားလုံးကို လေးစာရန်၊ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အခြားသောပါတီများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ပါတီမူဝါဒများနှင့် မတူကွဲပြားမှုအား မြှင့်တင်ပေးသော မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရန်တို့ ပါဝင်သည်။
ထို့အပြင် လုံခြုံရေး(မဲဆွယ်စည်းရုံးရေးတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်၊ လက်နက်ကိုင်ဆောင်၍ မဲဆွယ်ခြင်းမပြုရန်)၊ တန်းတူညီတူ ယှဉ်ပြိုင်ခွင့်ရှိသော အခြေအနေ(ဆန္ဒမဲများရရှိရေး နိုင်ငံတော် အရင်းအ မြစ်နှင့် လုံခြုံရေးယန္တရားများကို အသုံးမပြုရန်၊ မီဒီယာလွတ်လပ်ခွင့်ကို လေးစားရန်)၊ ကျား/မ မတူကွဲပြား မှုနှင့် မသန်စွမ်းသူများ တန်းတူအခွင့်မရေးရရှိရန်နှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကောင်အထည်ဖော်ခြင်း (ကျင့်ဝတ်များအား လေးစားလိုက်နာခြင်း ရှိမရှိ စောင့်ကြည့်ခြင်း) စသည့်အချက်များကို ခေါင်းစဉ် အလိုက်ခွဲထားသည်။
“ဥပမာအနေနဲ့ဆိုရင် ဘာသာရေးကို အသုံးချပြီးတော့ မဲဆွယ်တာတို့ တိုက်ခိုက်တာတို့ ဒါမျိုးတွေ ကော်မရှင်မှာလည်းပါသလို ဒီမှာလည်း ပါတယ်။ တချို့ဟာတွေက လူပုဂ္ဂိုလ်က မဟုတ်မှန်တာမပြောရဘူး။ မလိုက်နာလို့ ဥပဒေအရ အရေးယူလို့တော့ မရဘူး။ ကျင့်ဝတ်သဘောမျိုးပေါ့။ ဥပဒေကိုတော့ ကျော်လို့ မရဘူး။ သူတို့အပြိုင်ဖြစ်လာရင် သတ်မှတ်ထားတဲ့ ဥပဒေကိုလိုက်နာရမယ်ဆိုတာမျိုးလည်းပါတယ်” ဟု ဦးမျိုးကျော် က ပြောသည်။
ယခုလက်မှတ်ရေးထိုးမည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) သည် ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့အတွက် တစ်ဖက်နှင့် တစ်ဖက် ထိန်းညှိနိုင်သည့် အထိန်းအကွပ်လေးတစ်ခု ဖြစ်လာသည့်အတွက် ကြိုဆိုသည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ကပြောသည်။
ဦးမျိုးကျော်က “ဘာပဲဖြစ်ဖြစ် စည်းဘောင် ဥပဒေတွေ မရှိတာနဲ့ စာရင် ဒီကျင့်ဝတ်ပိုင်းဆိုင်ရာပေါ့နော် COC code of conduct တစ်ခု ရလာတာလည်း နည်းနည်းလေး ထိန်းလို့ ပါတီဖက်ကရော ရွေးကောက်ပွဲ ကော်မရှင်ဖက်ကရော တစ်ဖက်နှင့် တစ်ဖက် ထိန်းညှိဖို့အတွက် အထိန်းအကွပ်လေး တစ်ခုဖြစ်တယ်။ ကျနော် တို့ကတော့ ကြိုဆိုတယ်” ဟု ပြောသည်။
အသစ်ပြန်လည်ပြုပြင် မွမ်းမံလိုက်သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့် ဝတ် (code of conduct) သည် လာမည့် ရွေးကောက်ပွဲအတွက် အထောက်အကူပြုနိုင်မည်သာမက အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည့် အတွက် ကြိုဆိုသည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD က ပြောသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ဖိတ်ကြားထားသည်ဟု သိရသည်။







