ရှမ်းစစ်ဘေးရှောင်များ မဲပေးခွင့်ရမည့် အလားအလာ မရှိသေး

ရှမ်းစစ်ဘေးရှောင်များ မဲပေးခွင့်ရမည့် အလားအလာ မရှိသေး

ရှမ်းစစ်ဘေးရှောင်များအနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင်ယခင် ရွေး  ကောက်ပွဲများအတိုင်း မဲပေးခွင့် ဆုံးရှုံးနေဦးမည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။

ရှမ်းစစ်ဘေးရှောင်များ အနေဖြင့် မှတ်ပုံတင် မရှိသည့်အတွက် မဲပေးနိုင်မည့် အလားအလာမရှိသလောက် နည်းပါးနေသည်ဟု  ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေးကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် စိုင်းလင်းက ပြောသည်။

“ဦးတို့အနေနဲ့ကျတော့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ကျတော့ ဘာမှမှတ်ပုံတင် မရှိဘူးဆိုတော့ ရွေး  ကောက်ပွဲကို မဲပေးဖို့အတွက် ဦးတို့အတွက်တော့ ဒီအလားအလာ လုံးဝမရှိဘူးပေါ့။ မှတ်ပုံတင် မရှိဘူး ဆို ရင် ဒီမဲပေးပိုင်ခွင့်ဆိုတာက လုံးဝကွာဝေးသွားပြီလေ လုံးဝမဖြစ်နိုင်တော့ဘူးလေနော်။”

ထိုအပြင် မှတ်ပုံတင် မရှိသည်သာမက ဘာသာစကား မကျွမ်းကျင်မှုကြောင့်လည်း ပါသည်ဟု စိုင်းလင်းက ဆက်ပြောသည်။

“နောက်တစ်ခု ပြောစရာ ရှိတာက ရှမ်းတွေက အများစုက တစ်ခြားတိုင်းရင်းသားလို မတူတာက ဗမာလို မတတ်ကြဘူး။ သူတို့ဗမာလို မတတ်ဘူးဆိုတော့ ပိုပြီးတော့ ခက်သွားတာလေ။”

ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းစစ်ဘေးရှောင်စခန်း ၆ ခုရှိပြီး အဆိုပါ စခန်း ၆ ခုမှာ ကုန်းကျော်၊ ကောင်း မုမိန်း၊ လွယ်ဆမ်စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ ဖြစ်သည်ဟု သိရသည်။

ထိုစခန်းများရှိ လူဦးရေ ၆၀၀၀ ကျော်မှာ မဲပေးခွင့်ရမည်မဟုတ်ကြောင်း စိုင်းလင်းကပြောသည်။

စစ်ဘေးရှောင်များနှင့် ရွေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရေး လုပ်ဆောင်ရမည့် တာဝန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) တွင် အဓိက တာဝန်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူးချုပ်စိုင်းလိတ် က ပြောသည်။

“UEC နဲ့ ပိုပြီး သက်ဆိုင်တာပေါ့နော်။ UEC ကိုယ်၌က ဒီစစ်ဘေးရှောင် စခန်းမှာရှိနေတဲ့ လူတွေ မဲပေးနိုင်  အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို သူကိုယ်၌က တာဝန်ယူပြီး လုပ်ပေးရမှာ ဖြစ်တယ်။”

ယခင်အစိုးရ အဆက်ဆက်မှ ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် ၂ ကြိမ်စလုံးတွင် နိုင်ငံရပ်ခြားတွင် တရား ဝင် သွားရောက် အလုပ်လုပ်ကိုင်သူများကို မဲပေးနိုင်ရန် သက်ဆိုင်ရာ သံရုံးများမှ တစ်ဆင့် လုပ်ဆောင်မှု များရှိသည်ဟု SNLD အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

ထိုလုပ်ဆောင်မှုမျိုးကဲ့သို့ နိုင်ငံရပ်ခြားသို့ တရားမဝင် သွားရောက် အလုပ်လုပ်သူများနှင့် နိုင်ငံသား ဖြစ် လျက် အထောက်အထား မခိုင်လုံသူများကိုလည်း မဲပေးနိုင်ရန် အစိုးရမှ တစ်စုံတစ်ရာ ဖြေလျှော့မှုမျိုးကို လုပ်ဆောင်မှသာ ပါတီများအနေဖြင့် ဝင်ရောက်ကူညီနိုင်မည်ဟု စိုင်းလိတ်က ဆက်ပြောသည်။

“ဒါပေမယ့် ဒုက္ခသည် စခန်းမှာ ရှိတဲ့ လူတွေပဲဖြစ်ဖြစ်၊ တစ်ခြား နေရာ ရောက်တဲ့ နေရာပဲဖြစ်ဖြစ်ပေါ့နော်။ သူတို့မှာကျတော့ သွားကတည်းက တရားဝင်သွားတာရော ဟုတ်ရဲ့လား ဟိုရောက်ရင်တော့ တရားဝင် နေ ထိုင်တာ ဟုတ်ရဲ့လား အဲဒီတော့ သူတို့မှာ အထောက်အထားမဲ့ဆိုလို့ရှိရင်မဲဘယ်လိုပေးခွင့် ရှိမလဲ ကိုယ့်နိုင်ငံသားတော့ မှန်တယ်။ ဘယ်လိုအထောက်အထားပြမှ မဲပေးပိုင်ခွင့်ရှိမလဲဆိုတာ အစိုးရကိုယ်၌က ဖြေလျော့ပြီး သူတို့ကို စီစဉ်ဆောင်ရွက်ပေးမှသာလျှင် ကျနော်တို့ နိုင်ငံရေးပါတီက ဝင်ရောက် ကူညီနိုင် မှာ ဖြစ်တယ်။”

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ အနေအထား အခက်အခဲ အမျိုးမျိုးကြောင့် မဲပေးခွင့် မရရှိခဲ့ပေ။

သို့သော် စစ်ဘေးရှောင်များ မဲပေးခွင့် မရခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရှမ်းရွေ့ပြောင်းအလုပ်သမား အနည်းအကျဉ်း မဲပေးခွင့်ရခဲ့သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...