စစ်တွေထောင်တွင် ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဟုဆို

စစ်တွေထောင်တွင် ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေထောင်တွင် ၂၀၁၆ ခုနှစ် ဇူလှိုင်လ ၂၅ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်းကို တရားရုံးထုတ်သည်မှာ အကြိမ် ၂၀ ထိ ရှိပြီ ဖြစ်သော်လည်း တရားလို မရောက်၍ အမှုကို ကြားနာစစ်ဆေးခြင်း မပြုလုပ်နိုင်ဘဲ ဖြစ်နေသဖြင့် ယခု လုပ်ရပ်မှာ ခိုင်မျိုးထွန်း အပေါ် လူ့ခွင့်ရေး ချိုးဖောက်ရာရောက်နေကြောင်း ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောကြားလိုက်သည်။

အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို (မတ်လ ၁ ရက်) ယနေ့တွင် ရုံးထုတ်ခဲ့သော်လည်း စစ်တပ်တရားလို မရောက်သဖြင့် အမှုကို ကြားနာစစ်ဆေးခြင်း မပြုနိုင်ဘဲ ထောင်ထဲကို ပြန်ပို့လိုက်ရသဖြင့် ယင်းလုပ်ရပ် အပေါ် ဒေါ်ကျော့စိန်က ထိုသို့ သုံးသပ် ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခိုင်မျိုးထွန်းဘက်က သက်သေတွေထွက်ဆိုဖို့ သက်သေတွေ ရောက်ပါတယ်။ ဒါပေမယ့် တရားလို စစ်တပ်ဘက်က မရောက်လာတော့ ထွက်ဆိုဖို့ မရခဲ့ဘူးပေါ့။ ဒီလိုမျိုးလုပ်နေတာဟာ စစ်တပ်ဘက်က ခိုင်မျိုးထွန်းအပေါ် လူ့အခွင့် အရေး ချိုးဖေါက်နေတယ်လို့ မြင်တယ်။ သူ့ကို အမိန့်ချရင်ချ ၊ ဒါမှ မဟုတ်ရင် ပြန်လွတ်ပေးလိုက်ပေါ့။ အမိန့်လည်း မချမှတ်ဘူး၊ ပြန်လို့လည်း မလွတ်ပေးဘဲ အချိန်ဆွဲထားတွေ မလုပ်သင့်ဘူး။ ဒါက လူ့အခွင့်အရေး ချိုးဖောက်တာဘဲ ဖြစ်ပါတယ်”ဟု အမှုအတွက် လိုက်ပါ ကူညီနေသူ ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဥ္စရာ သတင်းဌာနက မေးမြန်းစဉ် ပြောကြားခြင်း ဖြစ်သည်။

ခိုင်မျိုးထွန်းသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြန်ကြားရေးဌာနမှ ၂၀၁၆ခု၊ ဧပြီလ ၂၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တပ်မတော်ကို အကြည်ညိုပျက်စေသည်ဟု ဆိုကာ ၅၀၅ (ခ) (ဂ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲ ဆိုထားသည်။

ALP ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်မတော် (အေအေ) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ နယ်မြေများတွင် တပ်မတော်က အရပ်သားများအား ပေါ်တာဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲထားချက်များ ပါရှိသည်။

၎င်းထုတ်ပြန်ချက်သည် ခိုင်မျိုးထွန်းနှင့် သက်ဆိုင်သည်ဟုဆိုကာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ယနေ့ ခိုင်မျိုးထွန်းကို ရုံးထုတ်ခဲ့ရာ တရားရုံးသို့သွားရောက်ခဲ့သူ အမည်မဖော်လိုသူ ALP တပ်မှူး တစ်ဦးက “ဒီကနေ့ ခိုင်မျိုးထွန်းကို ၂၀ ကြိမ်မြောက်ရုံးထုတ်ပါတယ်။ ဒါပေမယ့် တရားလိုဘက်က တာဝန်ရှိသူတွေ တရားရုံးကို မလာ ရောက်တဲ့အတွက် ကြားနာ စစ်ဆေးမှု မပြုလုပ်ဘဲ ခိုင်မျိုးထွန်းကို ပြန်ပို့လိုက်ပါတယ်”ဟု ပြောဆိုသည်။

ခိုင်မျိုးထွန်းအတွက် နောက်တစ်ပတ်ရုံးချိန်းကို မတ်လ ၁၁ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...