ကချင်ဒေသ စစ်ရှောင်ကျောင်း ကျောင်းဖွင့်အမီ ပြင်ဆင်ပေးစေလို

ကချင်ဒေသ စစ်ရှောင်ကျောင်း ကျောင်းဖွင့်အမီ ပြင်ဆင်ပေးစေလို

KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ ရှိ စစ်ဘေးရှောင်ကလေးငယ်များ တက်သည့် အခြေခံမူလတန်း  ကျောင်း၏ အမိုးများမှာ သဘာဝဘေးဒဏ်ကြောင့် ပျက်ဆီးသွားသည့်တွက် အချိန်မှီပြင်ဆင်ပေးစေချင် သည် ဟု ကျောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါကျောင်းမှာဇူလိုင်လတွင် စတင်ဖွင့်လှစ်နိုင်ရေး လျာထားသည့်အတွက် ကျောင်းဖွင့်ချိန် အမှီ ပြင်ဆင်ပေးစေချင်သည်ဟု ပြောသည်။

“ကျောင်းဖွင့်ချိန်က အတိအကျတော့ မကြေညာရသေးဘူး။ ခန့်မှန်းတော့  နောက်လပေါ့နော်။ ကျောင်းဖွင့်ဖို့ ပြင်ဆင်စရာရှိတာတော့ ပြင်ဆင်ထားပါပြီ။ ကျမတို့ ဒီကျောင်းပြုပြင်ပေးဖို့ တာဝန်ရှိသူတွေနဲ့ IRC ကို အကြောင်းကြားထားပါတယ်။ လာလုပ်ပေးမယ်လို့တော့ ပြောတယ်။ အခုထိတော့ လာမပြင်ပေးသေးဘူး” ဟု ပြောသည်။

မေလကုန်ပိုင်းက စတင်ရွာသွန်းခဲ့သည့်မိုးနှင့် လေပြင်းတိုက်ခိုက်မှုကြောင့် ကျောင်း၏ အမိုးများ ပျက်ဆီး သွားသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ထုရာ က ပြောသည်။

“ဒီ IDPs ကျောင်းမှာက အဓိက ကျောင်းဆောင်ရဲ့ အဲ့ဒီအမိုးတွေပြင်ဖို့ရယ်၊ အိမ်ပြင်ရမယ့်ကိစ္စရယ်။ ကျောင်း သုံးအိမ်သာတွေ ထပ်ပြင်ဖို့ပေါ့နော်။ အဲ့ဒါတွေလိုတယ်။ ကျောင်းအုပ်ရဲ့ အခန်း၊ ဆရာ/မတွေရဲ့  အခန်းရော၊  နောက်ပြီး စာကြည့်တိုက်အခန်းရော အားလုံးပြင်ရမယ်။ ဘာပဲပြောပြော ကျောင်းဖွင့်ချိန်အမှီတော့ပြင်ပေးမှာပဲ လို့  မျှော်လင့်တာပေါ့နော်။ ကျောင်းကော်မတီတွေ တာဝန်ခံတွေ ဆွေးနွေးနေတာတွေရှိတယ်။”

အဆိုပါကျောင်းသည် ကျောင်းသူ/သား ၂၀၀ ကျော်ရှိပြီး ဝေကျိုင်စစ်ရှောင်စခန်းနှင့် မိုင်ဆပ်ပါကျေးရွာတို့မှ ကလေးငယ်များ တက်နေသည့် ကျောင်းဖြစ်သည်။

ဝေကျိုင်စစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးခွန်းအောင် က “အဲ့ဒီကျောင်းနဲ့ဆိုင်ပြီး ဒုက္ခ သည်ကော်မတီလား တာဝန်ရှိသူတွေ တလောကတော့ ပြင်ပေးမယ်လို့ ပြောတာရှိတယ်။ ဒါပေမယ့် အခုထိ မပြင်နိုင်သေးဘူးပေါ့နော်။ အခုက ဒီကျောင်းရဲ့ အမိုးတွေအကုန်လုံး လန်သွားတယ်။ မြန်မြန်ပြုပြင်ဖို့တော့  ပြောတာဟုတ်တယ်” ဟု ပြောသည်။

“သွားရေးလာရေးခက်ခဲလို့လား  မသိဘူး။ ပြင်ဆင်ဖို့ ပစ္စည်းတွေဘာတွေ မရနိုင်လို့လားပေါ့နော်။ ကျောင်းကို ကျနော်တို့ကတော့  မြန်မြန်ပြင်ဆင်ပေးစေချင်တာပေါ့နော်။ ကျောင်းကလည်းဖွင့်ဖို့ အချိန်နီး လာပြီ။ အခုက မိုးတွေရော အကုန်ပျက် ကုန်တာဆိုတော့ မိဘတွေကလည်းစိတ်ပူနေကြတယ်။ ဘယ်သူများ ကူညီပြီး ပြုပြင်  ပေးမလဲလို့ ကျောင်းသားမိဘအားလုံးက မျှော်လင့်နေကြတာပေါ့။”

ထိုကျောင်းမှာ ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့်ကျောင်းဖြစ်ပြီး ကျောင်းသူ/သား နှစ်ရာကျော်ရှိသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...