ထိုင်းနယ်စပ် စစ်ရှောင်စခန်းများတွင် COVID-19 ကာလအတွင်း အခက်များပိုကြုံနေရ

ထိုင်းနယ်စပ် စစ်ရှောင်စခန်းများတွင် COVID-19 ကာလအတွင်း အခက်များပိုကြုံနေရ

COVID- 19 ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေး အခက်အခဲများ ရှိလာနေပြီး အကူအညီများ လိုအပ်နေသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များကူညီရေးကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကပြောသည်။

COVID- 19 ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါလာသောကြောင့် ဝင်ငွေမရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များကူညီရေးကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် စိုင်းလင်း က ပြောသည်။

“စားရေးက အခက်အခဲရှိပါတယ်။ စားရေး အခက်အခဲ ရှိတယ်ဆိုတာက စီးပွားရေး လုပ်ငန်းတွေက ထိခိုက် သွားတယ်။ ဆိုတော့ ဒီလူတွေရဲ့ စားရေး ကိစ္စကတော့ သူတို့စားဖို့အတွက် ဝင်ငွေရှာတဲ့ ကိစ္စကတော့ အ များကြီး ထိခိုက်သွား ပါတယ်။ ဥပမာဆိုလို့ရှိရင် အရင်တုန်းက ဦးတို့နေတဲ့ စခန်းမှာဆိုရင် အဲဒီပတ်ဝန်း ကျင်က ထိုင်းလယ်သမားတွေက ကြက်သွန်ဖြူတို့ ငရုတ်သီးတို့ စိုက်တယ် ဦးတို့က အဲဒီမှာ နေ့စားလုပ် တယ်။”

လက်ရှိတွင် အဆိုပါ နေ့စားအလုပ်များမှာ COVID- 19 ကာလတွင် မရှိသလောက်ဖြစ်လာသည့်အတွက် စစ်ဘေးရှောင်များမှာ ပိုမိုခက်ခဲလာသည်ဟု စိုင်းလင်းက ဆက်ပြောသည်။

“ဒါပေမယ့် အခုကျတော့ လူစုလူဝေး မရှိဘူးဆိုတော့ စိုက်ပျိုးရေးခြံမှာလည်း ဒါမျိုးက နေ့စားငရုတ် သီးခူး တယ်ဆို လူစုလူဝေးနဲ့ပေါ့ ကြက်သွန်ဆိုလည်း လူစုလူဝေးနဲ့ဆိုတော့ အဲဒီလုပ်ငန်းတွေက နဂိုထက်စာရင် အများကြီး လျော့သွားတယ်။ ပါးသွားတာပေါ့နော။ ဝင်ငွေကမရှိဘူး။ IDP ဆိုလို့ရှိရင် ပိုဆိုးတာပေါ့။”

မူလကတည်းက စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရန် ခက်ခဲမှုများ ရှိနေပြီး COVID- 19 ကပ်  ရော ဂါ ဖြစ်ပွားသည့် ကာလတွင် ပိုမိုခက်ခဲသည့် အနေအထားများ ကြုံတွေ့နေရသည်ဟု ဆိုသည်။

စားဝတ်နေရေး အခက်အခဲအပြင် လက်ရှိကာလတွင် စစ်ဘေေးရှာင်စခန်းများတွင် ဆေးဝါးများ လိုအပ်နေပြီး ပိုမိုပြင်းထန်သည့် ရောဂါ တစ်စုံတစ်ခု ဖြစ်ပွားလာပါက ကုသရန် အခက်အခဲများနှင့် ကြုံနေရသည် ဟု ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။

“ကျန်းမာရေး ကိစ္စမှာလည်း ဒီမှာက ဆေးဝါး အခက်အခဲရှိတာပေါ့။ IDP Camp တွေအထူးသဖြင့်ဆေးဝါး အခက်အခဲရှိတယ်။ ဒီ COVID ကာလမှာ IDP Camp မှာဆိုလို့ရှိရင် ပိုပြီးတော့ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုကတော့ သူတို့က ပိုပြီးတော့ပြင်းထန်တဲ့ ရောဂါတွေဖြစ်တယ်။ ခွဲစိတ်ဖို့လိုတယ်ဆိုရင် ထိုင်းဖက်ဝင်လာဖို့ဆိုတာ အခုနယ်စပ်တွေက ပိတ်ထားတယ်။ နယ်စပ်တွေကို ဝင်လာလို့မရတော့ ထိုင်းဆေးရုံတွေမှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါတွေအတွက် လာကုဖို့လည်း သူကပိုပြီးတော့ ခက်သွားတာပေါ့။” ဟု စိုင်းလင်း က  ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အစိုးရတို့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက် မှတ်ရေးထိုးသည့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင်ထိုင်း-မြန် နယ်စပ်ရှိ ဒုက္ခသည်စခန်းများ (Refugee Camp) များနှင့် နယ်စပ်တစ်လျှောက်ရှိ  ပြည်တွင်း စစ်ဘေးတိမ်းရှောင် IDPs စခန်းများကို နိုင်ငံတကာအလှူရှင်များက အကူအညီများဖြတ်တောက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရတို့ NCA အပစ်ရပ် လက်မှတ်ရေး ထိုးခဲ့ကြသော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် IDP များနှင့် စစ် ဘေးဒုက္ခသည်များ Refugee များမှာ နေရပ်ပြန်နိုင်သည့် အနေအထားများ၊ အခြေအနေများအောက် တွင် ရှိမနေသေးသည့်အတွက် နိုင်ငံတကာ အလှူရှင်များက ပြန်လည်ကူညီထောက်ပံပေးရန် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က တောင်းဆိုသည်။

စိုင်းလင်းက “အထောက်အပံ့ အကူအညီ ရပ်သွားတဲ့ INGO တွေကို ပြောချင်ပါတယ်။ ဒီနယ်စပ်တစ်  လျှောက်မှာပေါ့နော ရှမ်းတွေပဲ မဟုတ်ဘူးနော ကရင်တို့ ကရင်နီတို့ မွန်တို့ ဒုက္ခသည်တွေက ထိုင်း-ဗမာ နယ်စပ်တစ်လျှောက်မှာ အများကြီး ရှိနေသေးပါတယ်။ အဲဒါ သူတို့က အခု လက်ရှိ အခြေအနေအရ ဘယ်လိုမှ ကိုယ့်ရဲ့ ဒေသရင်းကိုပြန်လို့ မရသေးဘူး။ ဒါကြောင့်မို့ ဒီကအကူအညီတွေ မရပ်သင့်ဘူး။ ဒီက အကူအညီတွေ ပြန်ပြီးပေးသင့်ပါတယ်လို့ အဲလိုမျိုးတောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်စခန်းများမှာ ကုန်းကျော်၊ ကောင်းမုမိန်း၊ လွယ်ဆမ်စစ်(ပ်)၊ လွယ် လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး အဆိုပါစခန်းများတွင် လူဦးရေ ၆၀၀၀ ကျော် မှာ လက် ရှိတွင် အဆိုပါ အခက်အခဲများနှင့် ကြုံနေရသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း - မြန်မာနယ်စပ်) က ဆိုသည်။

အဆိုပါ စခန်းများမှာ စစ်ရှောင်များသည် ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြားနှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည် ဟု ဆိုသည်။

အဆိုပါ နှစ်ဖက် စစ်ရေးပဋိပက္ခအတွင်း ရှမ်းပြည်တောင်းပိုင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ  ကျေးရွာပေါင်း  ၁၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ လေးသိန်းကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်ဟု သိရသည်။

ထွက်ပြေးလာသူများထဲမှ အချို့မှာ ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အချို့မှာနယ်စပ် စစ်ဘေးရှောင် စခန်းများတွင်နေနေကြရသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...