စာသင်ကျောင်းမှ နေရာပြောင်းရွှေ့ရမည့် စစ်ဘေးရှောင်များ အခက်အခဲဖြစ်

စာသင်ကျောင်းမှ နေရာပြောင်းရွှေ့ရမည့် စစ်ဘေးရှောင်များ အခက်အခဲဖြစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး နေရာပြောင်းရွှေ့နေရကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

ကျောင်းဆရာများကို စနစ်သစ်သင်တန်း ပို့ချပေးမည်ဖြစ်သောကြောင့် ကျောက်တော် (အ.ထ.က)ကျောင်းများတွင် ခိုလှုံနေသည့်စစ်ဘေးရှောင်များမှာ နေရာပြောင်းရွှေ့ခံရသဖြင့် နေထိုင်ရန်နေရာအခက်အခဲများ ရှိနေကြောင်း ကျောက်တော်မြို့၊ အ.ထ.က(မြို့မ)စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဝင်းကဆိုသည်။

“အခုနေတဲ့ စာသင်ကျောင်းတွေမှာကျတော့ အိမ်သာတွေ၊ နေရာတွေ အစီအစဉ်တကျ ရှိနေပြီးသားဆိုတော့ အခုထပ်ပြီး နေရာအသစ်ရှာရတော့ အခက်အခဲတွေရှိတယ်။ အခုက ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့ပြီးတော့ ချပေးထားရတယ်” ဟု ဦးမောင်ဝင်းက ပြောသည်။

ယခုအခါ စစ်ဘေးရှောင်များမှာ ရှမ်းရွာ၊ သိမ်ကျောင်း စသည့် ဘုန်းတော်ကြီးကျောင်းများသို့ နေရာပြောင်းရွှေ့ နေကြသည်။

အစိုးရမှ ၎င်းတို့အား နေရာပြောင်းရွှေ့ရန်သာ ညွှန်ကြားထားသော်လည်း နေရာစီစဉ်ပေးခြင်းမရှိသဖြင့် မိမိတို့အစီအစဉ်ဖြင့်သာ ပြောင်းရွှေ့နေရသည်ဟု ဦးမောင်ဝင်းက ဆက်လက်ပြောသည်။

ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်း(၇)ခုတွင် စစ်ဘေးရှောင်ဦးရေ (၃၀၀၀)ကျော် ခိုလှုံနေကြခြင်းဖြစ်ပြီး လက်ရှိတွင် အထက်တန်းကျောင်း(၂)ကျောင်းမှ စစ်ဘေးရှောင်များမှာ ပထဆုံးဖယ်ပေးရခြင်း ဖြစ်သည်။

အလားတူ ကျန်ရှိနေသေးသောကျောင်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာလည်း ကျောင်းမဖွင့်မီတွင် ရွှေ့ပြောင်းပေးရမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများကို နှစ်စဉ် ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ်နေသော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယခုနှစ်တွင် ကျောင်းများပုံမှန်ထက် (၁)လကျော် နောက်ဆုတ်ကာ လာမည့် ဇူလိုင်လ (၂၁)ရက်နေ့တွင် အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဟု အခြေခံပညာဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြေပုံမြို့ပေါ်မှ စာသင်ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကိုတော့ ဘုန်းတော်ကြီးကျောင်းများတွင် ပြောင်းရွှေ့ထားရန်စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“သူတို့ကို ဘုန်းကြီးကျောင်းတွေမှာ နေရာပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ထားတယ်။ စစ်ဘေးရှောင်တွေကကျတော့ အလှူရှင်တွေရဲ့အကူအညီနဲ့ စားသောက်နေထိုင်နေကြတာ။ နေဖို့နေရာမရှိရင်တော့ မိုးလည်းကျပြီ ဖြစ်တဲ့အတွက် ပိုပြီးအခက်အခဲရှိလာနိုင်တယ်” ဟု ဦးဖေသန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် (၂၀၁၈)ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။

တိုက်ပွဲများကြောင့် အိုးအိမ်များကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်ဦးရေမှာ တစ်သိန်းငါးသောင်းခြောက်ထောင်ကျော် အထိရှိလာနေပြီး ၎င်းတို့အထဲမှ အများစုမှာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းတို့တွင် ခိုလှုံနေထိုင်နေကြရခြင်း ဖြစ်သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...