စပါးစျေးကျပြီး ဝယ်ယူမည့်သူ မရှိ ဖြစ်နေသဖြင့် မြောက်ဦးမှလယ်သမား ၅၀၀ ကျော် နိုင်ငံတော်အစိုးရ သိအောင် ဆန္ဒပြ

စပါးစျေးကျပြီး ဝယ်ယူမည့်သူ မရှိ ဖြစ်နေသဖြင့် မြောက်ဦးမှလယ်သမား ၅၀၀ ကျော် နိုင်ငံတော်အစိုးရ သိအောင် ဆန္ဒပြ
by -
နိရဥ္စရာ
စပါးစျေးကျပြီး ဝယ်ယူသူမရှိဖြစ်နေ၍ မြောက်ဦးမြို့နယ် လယ်သမား ၅၀၀ ကျော်က ဖေဖေါ်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းက နိုင်ငံတော် အစိုးရ သိအောင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

“စပါးစျေးတွေ အလွန့်အလွန် ကျဆင်းနေပါတယ်။ ဝယ်ယူသူလည်း မရှိပါဘူး။ ဒီလို စပါးစျေးကျနေတဲ့ အတွက် မြန်မာ့ စိုက်ပျိုးရေးဘဏ်မှ ချေးငွေများကို ပြန်ဆပ်ရန် အခက်အခဲ တွေ့နေရပါတယ်။ ဒါကို နိုင်ငံတော်ကသိအောင် ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ထမရဇ်ရပ်ကွက်မှ လယ်သမား ဦးလှအောင်စိန်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

၎င်းလယ်သမား ၅၀၀ ကျော်မှာ မြောက်ဦးမြို့နယ် ကျေးရွာ ၂၀ ခန့်မှ တောင်သူလယ်သမားများ ဖြစ်ကြသည်။

လယ်သမားများအနေဖြင့် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေများကို ပြန်ဆပ်နိုင်အောင် နိုင့်တော်အစိုးရက စပါးစျေးတက်လာအောင် ကူညီဆောင်ရွက် ပေးစေချင်သည်ဟု ဆိုသည်။

“ စပါးစျေးတွေ ဆက်လက်ကျဆင်းပြီး ဝယ်ယူမယ့်သူ မရှိ ဖြစ်နေရင် လယ်သမားတွေ အနေနဲ့ စိုက်ဘဏ်ကို စပါးများကို တိုက်ရိုက် ပေးသွင်းသွားမယ်။ ယခင်နှစ်က စပါးစျေးက ရွှေဝါထွန်းအမျိုးအစား တောင်း ၁၀၀ ကို သုံးသိန်းကျပ် ရှိခဲ့တယ်။ ဒီနှသ်မှာတော့ ၂ သိန်း ၄ သောင်းကျပ် စျေးပေါက်နေတယ်။ ဒါပေမယ့် ဝယ်ယူမယ့်သူ မရှိ ဖြစ်နေပါတယ်” ဟု ဦးလှအောင်စိန်က ဆက်ပြောသည်။

ဆန္ဒပြရာတွင် စပါးစျေး အထိုက်အလျောက် မြင့်မားလာအောင် နိုင်ငံတော်မှ လုပ်ဆောင်ပေးရေး၊ ရောင်းချမည့် စပါးများကို နိုင်တော်မှဝယ်ယူရေး၊ တောင်သူလယ်သမားများအား မြန်မာ့စိုက်ဘဏ်မှ စာနာ ထောက်ထားပေးရေး တို့ကို တောင်းဆိုခဲ့ကြသည်။

မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု ၉၇ စုမှ လယ်သမား ၈၇၄၅ ဦးသည် လယ် ၅၉၃၀၂ ဧက အတွက် ကျပ်သိန်း ၈၈၉၅၃ သိန်း ထုတ်ချေးထာသည်။၎င်းချေးငွေထဲမှ ကျပ်ငွေ ရ၂၉၀ ကျပ်သိန်းကိုသာ ပြန်ဆပ်နိုင်သေးသည်ဟု သိရသည်။ ၎င်းပြန်ဆပ်ငွေပမာဏမှာ ၈.၁ ရာနှုန်းသာဆပ်နိုင်သေးကြောင်း မြောက်ဦးမြို့နယ် မြန်မာ့စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးမိုးဇော်ချေကပြောသည်။

“လယ်သမားတွေအနေနဲ့ မိုးရာသီချေးငွေတွေကို ၂၀၁၇ ဧပြီလ ၁၅ ရက်နေ့မှာ အကျေဆပ်ရပါမယ်။ မဆပ်နိုင်ရင် တစ်နှစ်အတွက် ဘဏ်တိုး ၈ ရာနှုန်းအပြင် ဒဏ်တိုး နောက်ထပ် ၁၂ ရာခိုင်နှုန်းကို ပေးဆောင်ကြပြီးတော့ လယ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေမယ့်အပြင် နောက်ထပ် အသစ်ချေးနိုင်ကြတော့မှာ မဟုတ်ဘူး” ဟု ဦးမိုးဇော်ချေကပြောသည်။

ဘဏ်ငွေချေးရာတွင် လယ် တစ်ဧကအတွက် ၁.၅ သိန်း စိုက်ဘဏ်က ထုတ်ချေးကြောင်း၊ မြောက်ဦး မြို့နယ်သည် ရခိုင်ပြည်နယ်မှ စပါးအများဆုံး စိုက်ပျိုးပြီး စပါးစိုက်ဧက ၁.၅ သိန်းဧက ရှိကြောင်း၊ ၂၀၁၃ ခုနှစ် ဘဏ်ချေးငွေ အတွက် မဆပ်ရသေးသည့် လယ်သမားများလည်း ရှိနေသေးကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...