ရွှေ့ပြောင်းလုပ်သားများ အမြဲတမ်းအခြေချမှုကို လက်မခံနိုင်ကြောင်း KNC ပါတီပြော

ရွှေ့ပြောင်းလုပ်သားများ အမြဲတမ်းအခြေချမှုကို လက်မခံနိုင်ကြောင်း KNC ပါတီပြော

ရွှေ့ပြောင်းအလုပ်သမားများ အမြဲတမ်းအခြေချမှုကို လက်မခံနိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီက ကချင်ပြည်နယ် အစိုးရကို တင်ပြခဲ့သည်။

ဇွန်လ ၃ ရက်နေ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) မှ ခေါင်းဆောင်များနှင့် ကချင်ပြည် နယ် အစိုးရအဖွဲ့ကိုယ်စား နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ ကချင်ပြည်နယ်အစိုးရ ဝန်းကြီးများရုံးတွင်တွေ့ဆုံစဉ် အဆိုပါ ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု KNC က ဆိုသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ “နံပါတ်တစ်က ကျနော်တို့က  ရွှေ့ပြောင်းလုပ်သားဆိုတာ သူ့မှာ မူရင်းအိမ်ထောင်စု ဇယားပေါက်နယ်မြေ ဆိုတာရှိတယ်။ မိခင်နယ်မြေပေါ့နော်။ ဆိုတော့သူက ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့အတွက် အလုပ်လာလုပ်ရမယ်။ အလုပ်လုပ်တာကို ကျနော်တို့ မကန့်ကွက်ဘူး။ ဒါပေမယ့် အလုပ်လုပ်ပြီးရင်ပြန်ရမယ်ဗျ။ ဒါက (KNC) ရဲ့အဓိက မူဝါဒပဲ” ဟု ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၂၂ရက်နေ့တွင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ထုတ်ပြန်ခဲ့သော ဖားကန့်ရွှေ့ပြောင်းအခြေချ အလုပ်သမားများ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက်ကြောင့် အစိုးရမှ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ကိုခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ်များအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများ လာရောက်အလုပ် လုပ်ကိုင်နိုင်သော်လည်း အတည်တကျ အခြေချနေထိုင်မှုကို KNC အနေဖြင့် လုံးဝလက်မခံကြောင်း၊ လက်ရှိအစိုးရမှ လုပ်ဆောင်နေသည့်  ရွှေ့ပြောင်းအလုပ်သမားကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်မှုများသည် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည် သွားနေသည့်နိုင်ငံတစ်နိုင်ငံ၏ လုပ်ဆောင်ချက်နှင့် ကိုက်ညီမှု မရှိဘူးဟု ဒေါက်တာ M ကောန်လ က ထောက်ပြပြောဆိုသည်။

“ကျနော်တို့တိုင်းပြည်က ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ် ဆိုပြီး လုပ် ထားတယ် ဆိုတော့ ဖက်ဒရယ်ပေါ်လစီ အရဆိုရင် ဒါကမှားနေတယ်။ လူအများစုက လူအနည်းစု ဧရိယာမှာ လာရောက်နေထိုင်တယ်။ အဲကနေမှ လူနည်းစုရဲ့ နိုင်ငံရေး အဆုံးအဖြတ်တွေကို အချိန်တန်ရင် သူကပေး မယ်။ ပေးပြီးရင် လူအများစုရဲ့ အကျိုးစီးပွား အတွက်ပဲ အကောင်ထည်ဖော်မယ်ဆိုရင် ဒါ ဖက်ဒရယ် ဆိုင်ရာ မူဝါဒနဲ့ မပတ်သတ်တော့ဘူး။”  

ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ် အစိုးရက ၎င်းတို့၏ လုပ်ဆောင်ချက်များအား ဆွေးနွေးခဲ့သည် ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ပြောသည်။

ဒေါက်တာ Mကောန်လ က “အဓိက ကျနော်တို့နဲ့  ဆွေးနွေးတာက  ကချင်ပြည်နယ်အစိုးရရဲ့  ဆောင်ရွက်နေ တဲ့ ဆောင်ရွက်ချက်တွေ မပြီးစီးသေးသော ကိစ္စတွေ၊ နောက်လုပ်ရန်ကိစ္စတွေ အဲဒါတွေကို သက်ဆိုင်ရာ နိုင်ငံ  ရေးပါတီတွေ အထူးသဖြင့် ကျနော်တို့ အဓိက ကချင်ပြည်နယ် အစိုးရကို ထောက်ပြနေတဲ့ပါတီတွေပေါ့နော်။ ပါတီကို ခေါ်ပြီးတော့မှ ပြောပြတာဖြစ်တယ်” ဟု ပြောသည်။



ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းတို့နှင့် KNC ပါတီမှ ဗဟိုကော်မတီဝင်များ တွေ့ ဆုံဆွေးနွေးရာတွင် ပြည် နယ်အတွင်း သယံဇာတ ထုတ်လုပ်မှုနှင့် ရေရှည်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊  ရွှေ့ ပြောင်း အလုပ်သမားကိစ္စနှင့် ရက်ပေါင်း ၉၀ နေထိုင်လျှက် လွှတ်ပေးနိုင်မှု လွှတ်တော် အ တည်ပြုချက်များ ကိစ္စ ပြည်နယ်အတွင်း ဂယက်ရိုက်ခတ်မှုများကို ဆွေးနွေးခဲ့သည်ဟု KNC ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးလန်းယော် က ပြောသည်။

ကချင်ပြည်နယ် အစိုးရအနေဖြင့် ယခုကဲ့သို့ ပါတီများကို တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသကဲ့သို့  မေလ ၂၈ ရက်နေ့ ကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကချင်လူငယ်ထုလှုပ်ရှားမှု (Kachin Youth Movement) အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...