''မြန်မာလူမျိုးထဲမှာ ရိုဟင်ဂျာဆိုတာကို မရှိဘူးဆိုတာကို နိုင်ငံတကာက ဖိအားပေးတယ်၊ မီဒီယာတွေကလည်း လက်မခံ ဒါကိုအစိုးရ အနေနဲ့ ပြတ်ပြတ်သားသားငြင်းဖို့ မြန်မာပြည်သူတွေကလည်း လက်မခံဘူးဆိုတာသိစေဖို့ ဒီပွဲလုပ်ရတာပါ" ဟု ဆန္ဒပြပွဲပြုလုပ်သည့် ပြန်ကြားရေး တာဝန်ခံ ကိုထက်အာကာက မဇ္ဈိမကိုပြောသည်။
အရှေ့တောင်အာရှရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၁၅ခုနှစ် မေလ ၂၉ တွင် ဘန်ကောက်တွင် ပြုလုပ်မည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဒေသဆိုင်ရာထိပ်သီးဆွေးနွေးပွဲကို ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးပွဲတွင် မြန်မာအစိုးရအနေဖြင့် လှေစီးခိုးဝင်လာသူများကို လက်မခံရန်နှင့် ကုလသမဂ္ဂက လူအခွင့်အရေးကို အကြောင်းပြကာ ဖိအားမပေးရန် ယခုကဲ့သို့ ဆန္ဒပြကာ ကမ္ဘာသိအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောသည်။
ဆန္ဒပြရာတွင် 'လှေစီးလူသား တခြားသွား ငါတို့ကမ်းနား လာမထားနဲ့' 'ခိုးဝင် ဘင်္ဂါလီအားပေးသူ(ဒို့ရန်သူ)' 'ကုလသမဂ္ဂ မတရားဖိအား (ဒို့မလိုလား)' ၊'ဒို့နိုင်ငံအား မစော်ကားနဲ့'၊ 'ဒို့ပြည်သူကို မစော်ကားနဲ့' စသည့် စာသားများပါ ဗီနိုင်းများ၊ ကြွေးကြော်သံများဖြင့် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံလမ်းအတိုင်း လမ်းလျှောက်ချီတက်ပြီး ကျိုက္ကဆံ လူထုဟစ်တိုင်တွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲတွင် သံဃာတော်များ အပါအဝင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့များ၊ ရခိုင်လူငယ်အသင်း၊ ဟပြဆောတဒဗံ ပရဟိတ အဖွဲ့၊ ၉၆၉လူငယ်အသင်း၊ မြန်မာ့အမျိုးသားရေးကွန်ယက်၊ မတူကွဲပြားခြင်း ငြိမ်းချမ်းရေးပါတီတို့မှ စုစုပေါင်း လူအင်းအား ၃၀၀ကျော်က ဆန္ဒပြခဲ့သည်။
ဘန်ကောက်မြို့တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံ အပါအဝင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဆွစ်ဇာလန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တက်ရောက်မည်ဖြစ်ပြီး အစည်းအဝေးတက်ရောက်မည့် အစိုးရများသို့ အရှေ့တောင်အာရှရှိ ရေပြင်တွင် မျောပါနေသည့် လှေစီးဒုက္ခသည်များကို အကာအကွယ်ပေးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က မေ ၂၆ရက်က အိတ်ဖွင့်ပေးစာပို့ကာ တိုက်တွန်းထားသည်။
မေလထဲတွင် မလေးရှားနှင့် အင်ဒိုနီးရှားသို့ လှေများဖြင့် ရောက်လာသူ ၂,၀၀၀ ကျော်ရှိနေပြီး နိုင်ငံတကာရွှေ့ပြောင်းအခြေချသူ အဖွဲ့အစည်း(IOM)၏ အဆိုအရ လူထောင်ပေါင်းများစွာမှာ ပင်လယ်ထဲတွင် သောင်တင်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောတွင်လည်း ဒုက္ခသည် ၂၀၈ဦးကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိစစ်မှုများပြုလုပ်နေသည်။ လှေစီးဒုက္ခသည် ၂၀၀ ကို မောင်တောမြို့နယ် အလယ်သံကျော်အုပ်စုမှ ဘင်္ဂလားဒေ့ရှ်နှင့် အနီးစပ်ဆုံး မြို့နယ်ခွဲဖြစ်သည့် တောင်ပြိုလက်ဝဲမြို့နယ်သို့ မေ ၂၅ ရက် နံနက်ပိုင်းက ပို့ဆောင်ထားပြီးဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုသည်။







