Mask မတပ်သူများကို နှစ်ကြိမ်သာဒဏ်ငွေဆောင်စေပြီး သုံးကြိမ်မြောက်တွင် ကူးစက်ရောဂါဥပဒေဖြင့် အရေးယူမည်

Mask မတပ်သူများကို နှစ်ကြိမ်သာဒဏ်ငွေဆောင်စေပြီး သုံးကြိမ်မြောက်တွင် ကူးစက်ရောဂါဥပဒေဖြင့် အရေးယူမည်

ရန်လင်းအောင် — မွန်ပြည်နယ်တွင် ယခုအခါနေအိမ်ပြင်ပထွက်ပါက Mask တပ်ဆင်ထားရမည်ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှစတင်၍ မတပ်ဆင်သူများကို နှစ်ကြိမ်သာဒဏ်ငွေကျပ်သုံးထောင်ဆောင်စေ၍ သုံးကြိမ်မြောက်ထပ်မံကျူးလွန်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

 “ပထမတစ်ကြိမ် ဒုတိယတစ်ကြိမ် ဒဏ်ရိုက်လို့မှ မလိုက်နာဘူးဆိုလို့ရှိရင် တတိယအကြိမ်မှာ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန့်ကြားချက်ကို လိုက်နာမှုမရှိလို့ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

ထို့အပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကညန၊ ယာဉ်ထိန်းရဲ စသည့် ဌာနဆိုင်ရာ အဖွဲ့များက လိုက်လံစစ်ဆေးပြီး ပညာပေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “ဒဏ်ရိုက်မယ်ဆိုလည်း သေချာရိုက် တိတိကျကျလုပ်ဖို့တော့ လိုတာပေါ့ ဘာလို့လည်းဆိုတော့ ထိထိရောက်ရောက်မလုပ်ရင် တစ်ခါ မတပ်ဘဲ သွားနေတဲ့ သူတွေက Social Media တွေမှာ ဝေဖန်တာမျိုးတွေ ပြန်ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ယင်းသို့ Mask မတပ်ဆင်သူများကို အရေးယူဆောင်ရွက်ခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည့်အတွက် ထိရောက်စွာဆောင်ရွက်ပါက ကြိုဆိုကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ထွန်းအောင်ကြည်က “တော်တော်များများက မတပ်ကြဘူး ဒီအတိုင်းပဲ မကြောက်ကြဘူးဖြစ်နေတယ်။ တပ်တော့လည်း မှေးချိတ်ထားတယ် အပြင်ထွက်ရင် Mask တပ်ထားတာက အကောင်းဆုံးပဲ။ သူ့အတွက်ရော ကိုယ့်အတွက်ရော တပ်ရင်တော့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်းပဲလေ နှာခေါင်းနဲ့ ပါးစပ်နဲ့ လုံအောင် တပ်ဖို့နော်၊ တစ်ခါသုံး Mask သုံးရင်တော့ လဲရမှာပေါ့ တစ်ခါသုံး Mask ကို ပြည်သူတွေသုံးဖို့ အခက်အခဲရှိတယ်။ အဝတ် Mask ကို ကိုယ်တိုင်ချုပ်ပြီး တစ်ယောက် ၂ ခုလောက် ဆောင်ထားလိုက် လျှော်ပြီးသုံးရင် အဆင်ပြေနိုင်တာပေါ့”  ဟု ဆိုသည်။

ယင်းအပြင် Covid 19 ရောဂါကြောင့် လူစုလူဝေးနှင့် ပွဲလမ်းအခမ်းအနားများ မပြုလုပ်ကြရန် ဇွန်လ ၁၅ ရက်နေ့အထိ ရက်တိုးမြင့်ထားပြီး လိုက်နာမှုမရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဟု ယနေ့(ဇွန်လ ၂ ရက်) တွင်လည်းကောင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်ရန် မေလ ၃၀ ရက်တွင်လည်းကောင်း မွန်ပြည်နယ် အစိုးရက  အမိန့်ကြေငြာချက် ထုတ်ပြန်ထားသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...