ကွမ်းသီးအနုခူးဆွတ်မှုများ၍ အပင်ရေရှည်တည်တံ့ရန် စိုးရိမ်ရ

ကွမ်းသီးအနုခူးဆွတ်မှုများ၍ အပင်ရေရှည်တည်တံ့ရန် စိုးရိမ်ရ

မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင် ကွမ်းပင်များ၏ ကျန်းမာရေးနှင့် အထွက်နှုန်းကို ထိခိုက်လာမည်ကို စိုးရိမ်ရနိုင်ကြောင်း တောင်သူနှင့် စိုက်ပျိုးရေးနည်းစနစ် ကျွမ်းကျင်သူများက ပြောသည်။

နေလှန်းအခြောက်ခံရခြင်း၊ ကွမ်းသီးခူးယူရန် လုပ်သားအင်အားများစွာ အသုံးပြုရခြင်းနှင့် မိုးရာသီကာလ ရှည်လျားမှုကြောင့် ကွမ်းသီးများ မခြောက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုများသည့် ကွမ်းသီးခြောက်လုပ်ငန်းအစား ရေးဒေသခံတောင်သူများ ဝယ်လိုအာများသည့် ကွမ်းသီးအနုလုပ်ငန်းကို ၂၀၂၁ ခုနှစ်နောက်ပိုင်း တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာသည်။

အသီးနုများကို ခူးဆွတ်မှုများလာသဖြင့် ယခုနှစ်တွင် ကွမ်းသီးနုရာသီတွင် အပင်မှ အသီးထွက်နှုန်းလျော့ကျလာသည့် အခြေအနေများရှိနေသဖြင့် အပင်ကျန်းမားရေးအတွက် သတိပြုရန်လိုအပ်ကြောင်း ရေးမြို့နယ်စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးက ဆိုထားသည်။

“အသေချာဆုံးတစ်ခုက အသီးထွက်နှုန်း လျော့ကျလာနိုင်တယ်။ ဒါပေမဲ့ ၁ နှစ်၊ ၂နှစ်လောက်ကတော့ သိသိသာသာတဲ့လက္ခဏာကိုတော့ သူမပြသေးဘူး။ အဲ့ထက်ကြာမှသိနိုင်တယ်ပေါ့နော်။ ပြီးတော့ အပင်ကို ပြုစုတဲ့ပုံစံ၊ ဒီလိုမျိုးပဲ အနုသီးကိုပဲ နှစ်တိုင်းနှစ်တိုင်းခူးပြီတော့ မခူးခင်မှာ မြေသြဇာလည်းမထည့်ပေးဘူး၊ နောက်နှစ်အတွက် အပင်ကိုသေသေချာချာမပြုစုပေးဘူး ဆိုရင် အပင်ကထိုက်သင့်သလောက် သူမကြီးထွားတော့ဘူး။ နောက်ဆုံး အသီးမသီးတော့ဘူး။” ဟုဆိုသည်။

အပင်ပေါ်ရှိ အရည်သောက်အရွယ်အသီးများ အရွယ်မရောက်မီ ဆက်တိုက်ခူးယူခြင်းသည် ကွမ်းပင်၏ သဘာဝအတိုင်းကြီးထွားနှုန်းထိခိုက်ပြီး ရေရှည်တွင် အပင်အားနည်းကာ အသီးထွက်နှုန်းကျဆင်းလာနိုင်သည်သာမက မြေသြဇာမထည့်နိုင်လျှင် အသီးမသီးနိုင်တော့သည်အထိ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

သို့သော် ကွမ်းသီးတောင်သူများ အမြတ်ရရှိနှုန်း၊ သုံးစွဲရသည့်လုပ်အားနှင့်ဈေးကွက်လိုအပ်ချက်ကို ဦးစားပေးစဉ်းစားရသဖြင့် ရေရှည်တွင် အပင်ထိခိုက်သော်လည်း ကွမ်းသီးနုရောင်းဝယ်သည့်လုပ်ငန်းကိုသာ ရွေးချယ်နေရသည်။

မော့ကနင်မှ ကွမ်းသီးတောင်သူတစ်ဦး “အခုမိုးစရွာပြီးတော့ ကျနော်တို့စခူးလို့ရပြီး၊ ခူးပြီးတာနဲ့ ချက်ချင်းရောင်းလို့ရပြီး။ ပြီးရင် ကွမ်းသီးလုပ်ငန်းက ပြီးသွားပြီး၊ ကွမ်းသီးအခြောက်က လုပ်ငန်းတွေကအဆင့်ဆင့်လုပ်ရတယ်။ ပြီးရင်ဈေးနှုန်းကလည်း ကောင်းတဲ့အချိန်မှကောင်းတယ်။ တစ်ခါတစ်လေ အရင်းပါပြုတ်တယ်။ အဲ့ကြောင့် ကွမ်းသီးအနုဘက်ကို ကျနော်တို့ဦးစားပေးလာရတယ်။” ဟု ဆိုသည်။

ထို့ကြောင့် ကွမ်းသီးနုကို ဦးစားပေးရောင်းချနေသည့် ကွမ်းသီးတောင်သူများအနေဖြင့် တစ်နှစ်ခြား အသီးခူးဆွတ်သည့်နည်းအပြင် အခြားကွမ်းပင်စိုက်ပျိုးမှုဆိုင်ရာ နည်းစနစ်များကို သိရှိနားလည်ထားရန် လိုအပ်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ထောက်ပြသည်။

ကွမ်းသီးပင်များသည် ဧပြီလနှင့်မေလတွင် အပွင့်ပွင့်ပြီး၊ မိုးတွင်းကာလဖြစ်သည့် ဇူလိုင်နှင့် သြဂုတ်လများတွင် ကွမ်းသီးနု(အရည်သောက်)များ လှိုင်လှိုင်ထွက်လျှက်ရှိသည်။

တစ်နှစ်ကွမ်းသီးတန်ချိန် ၉၀၀၀၀ ကျော်ထွက်ရှိသည့် မွန်ပြည်နယ်တွင်၊ သံဖြူဇရပ်မြို့နယ်နှင့်ရေးမြို့နယ်၌ ကွမ်းသီးအများဆုံးထုတ်လုပ်ရာဒေသဖြစ်ပြီး ကွမ်းသီးနုရာသီတွင် ကျေးရွာအထိ တရုတ်ကုန်သည်များ လိုက်လံ ဝယ်ယူနေကြကြောင်း သိရသည်။

ကွမ်းသီးအနု ရောင်းဝယ်ရေးဒိုင်များ၏ ပြောကြားချက်အရ လက်ရှိ ကွမ်းသီးနုရာသီတွင် ရေးမြို့နယ်တွင် ကွမ်းသီးအနုတစ်လုံးကို ၇၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...