ရခိုင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များကို လွှတ်တော်တွင် ချပြမှု အားနည်းနေဟုဆို

ရခိုင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များကို လွှတ်တော်တွင် ချပြမှု အားနည်းနေဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အစိုးရသည် သူတို့၏ လုပ်ဆောင်ချက်များကို ပြည်နယ် လွှတ်တော်တွင် ချပြရန် အထူး လိုအပ်လျက် ရှိနေကြောင်း ပုဏ္ဏားကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင် က ဝေဖန်ပြောကြားလိုက်သည်။

နိရဥ္စရာ သတင်းဌာနမှ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလက်ရှိရခိုင်ပြည်နယ် လွှတ်တော် အခင်းအကျင်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ယခင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ဦးအောင်သန်းတင်က ထိုသို့ ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ လွှတ်တော်အသံသည် ပြည်သူ့အသံပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိမြို့နယ်မှာ ဒီလွှတ်တော်နဲ့ ပတ်သက်ပြီးတော့ ပြည်သူကိုချပြရသလို အစိုးရအဖွဲ့အနေနဲ့ လည်း အစိုးရဲ့ လုပ်ဆောင်ချက်တွေကို ပြည်နယ် လွှတ်တော်မှာ ချပြဖို့လိုတယ်။ အခု အစိုးရသစ်တက်လာတာ ၉ လကျော်သွားပြီ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လွှတ်တော်မှာ ချပြတာ ဘာမှ မရှိသေးဘူး” ဟု ဦးအောင်သန်းတင်က ဆိုသည်။

၎င်းပြင် ဦးအောင်သန်းတင်က “ အခုဆိုရင် စတုတ္ထအကြိမ်ပေါ့။ ဒုတိယ အကြိမ် စတုတ္ထပုံမှန် လွှတ်တော် အစည်း အဝေးပေါ့။ အစိုးရအဖွဲ့က ဝန်ကြီးချုပ် မဟုတ်ရင်တောင်မှ အစိုးရအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဟာ အစိုးရဖွဲ့ ဘာလုပ်နေလဲ၊ ဘာစီမံကိန်း တွေကို လုပ်နေသလဲ ဆိုတာကို လွှတ်တော်မှာ ချပြရမယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်သော ဒေသဖွံ့ဖြိုးရေး ကိစ္စဖြစ်စေ၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဖြစ်စေ၊ ကျောက်ဖြူစက်မှုဇုံဖြစ်စေ၊ အခြား ပုဏ္ဏားကျွန်း စက်မှုဇုံဖြစ်စေ၊ မည်သည့် စီမံကိန်းကို မဆို မည်သို့ လုပ်ကိုင်ဆောင်ရွက်နေသည်ကို လွှတ်တော် အဖွင့်မိန်းခွန်းတွင် ပြည်နယ် ဝန်ကြီးချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များကို ချပြရကြောင်း၊ ယခု မည်သည့် စီမံကိန်းကိုမှ ချပြခြင်း မရှိကြောင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို တစ်ခါသာ လွှတ်တော်မှာ မြင်ဖူးသေးကြောင်း သူက ပြောဆိုသည်။

“ ဒီနေ့ထိ အခုအစိုးရဟာ လွှတ်တော်ကို ချပြတာ တစ်ခုမှ မရှိသေဘူး။ ဘာလုပ်နေတယ်ဆိုတာလည်း မသိဘူး။ နိုင်ငံတော်က မူတစ်ခုချမှတ်သွားတယ်။ တည်ငြိမ်အေးချမ်းရေအတွက် ရန်ပုံငွေ ဘယ်လောက်ချပေးခဲ့တယ်။ ချပေးခဲ့တာကို ဦးဥတ္တမခန်းမမှာတော့ ပြည်သူကို ချပြတယ်ပေါ့။ စစ်တွေတစ်မြို့တည်းသာသိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြလိုက်ခြင်းအားဖြင့် ရခိုင်တစ်ပြည်နယ်လုံးကသိတယ်” ဟု လွှတ်တော်၏ ထိရောက် ကျယ်ပြန့်မှုနှင့် ပတ်သက်ပြီး သူက ဆက်လက် ပြောဆိုသည်။

၎င်းပြင်သူက “ အစိုးရအဖွဲ့အနေနဲ့ပေါ့လေ။ ပြည်သူကို သိစေချင်တဲ့ ဆန္ဒရှိရင် ကိုယ့်တို့အစိုးရအဖွဲ့လုပ်နေတာကို ချပြချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လွှတ်တော်အစည်းအဝေးခေါ်တိုင်း ခေါ်တိုင်း အစိုးရအဖွဲ့အနေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဦးက လွှတ်တော်မှာ လာရောက်ပြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ချပြစေချင်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ချက်များမှာ ထိရောက်မှု မရှိဘဲ ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင် ဆက်လက် ဝေဖန်ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းလိုက်သော ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်အား ရခိုင်ပြည်နယ် လွှတ်တော်က လက်မခံနိုင်ကြောင်း ဆုံးဖြတ်သော်လည်း ၎င်းဆုံးဖြတ်ချက်မှာ ထိရောက်မှု မရှိကြောင်း ပုဏ္ဏားကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ကိုယ်တို့အဆို တစ်ခုတင်လိုက်တယ်။ အဲလိုအဆိုတစ်ခုတင်လိုက်တယ်ဆိုတော့ ဥပမာ ကိုဖီအာနန်နဲ့ ပတ်သက်ပြီးတော့ ကိုယ်တို့က လက်မခံဘူး။ ဒီအဆိုဟာ ပြည်နယ်လွှတ်တော်မှာ နိုင်တယ်။ ဒီအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာနိုင်ရင် ဒီအစိုးရကလုပ်ပေးရမယ်။ ဖျက်ပေးရမှာပေါ့။ ဒါပေမယ့် ဗဟိုကချုပ်ကိုင်မှုများနေတော့ ဒီလွှတ်တော်က တောင်းဆိုလိုက်တဲ့ အနိုင်ရ အဆိုတစ်ခုဟာ အလဟဿ ဖြစ်သွားတယ်။ ဘာမှ အရာမထင်ဘူး” ဟု သူကဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ်လွှတ်တော်သို့ ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် မတက်ရောက်သည်သာများပြီး အများစု ၀န်ကြီးများမှာလည်း လွှတ်တော်သို့ တက်ရောက်မှုနည်းပါးနေသည်ဟု ဆိုသည်။

“ အခုဒုတိယအကြိမ်လွှတ်တော်မှာ ဝန်ကြီးချုပ်ဆိုတာကလည်း တစ်ခါ နှစ်ခါလောက်ပဲမြင်ဖူးတယ်။ ပြီးတော့ အစိုးရ အဖွဲ့ဆိုတာလည်း တစ်ယောက်စ၊ နှစ်ယောက်စပေါ့။ အဲလိုဘဲရောက်တယ်။ တစ်ခါတစ်လေ ဆောင်းပါး လူကြံု ထည့်ပြီးတော့ ဖြေတယ်။ အဲလိုသဘောဆိုတော့ ကိုယ်တို့ဘက်က မေးခွန်းမေးရတာလည်း အားမရဖြစ်ရတယ်” ဟု ဦးအောင်သန်းတင် ပြောဆိုသည်။

ယခင်အစိုးရလက်ထက် လွှတ်တော်နှင့် ယခု NLD အစိုးရ လက်ထက် လွှတ်တော်မှာ ကွာဟချက်များ ရှိနေကြောင်း သူက ပြောဆိုသည်။

“ ပထမအကြိမ်လွှတ်တော်က ကိုယ်တို့ကတော့ အစိုးရအဖွဲ့မှာ ပါခဲ့တယ်။ အဲဒီအချိန်က လွှတ်တော်တစ်ခု ကျင်းပ တယ်ဆိုတာနဲ့ အစိုးရအဖွဲ့ဟာ လွှတ်တော်ကို အာရုံစိုက်ပြီးတော့ လွှတ်တော်ကို ဝန်ကြီးတွေ၊ အစိုးရဖွဲ့တွေ၊ ဘာဘဲမေးမေးပေါ့။ ဖြေနိုင်ဖို့အတွက် အရင်အစိုးရလက်ထက်ကပေါ့။ အစိုးရအဖွဲ့တွေကို အားလုံးနီးပါးလောက် တက်ဖို့ခိုင်းတယ်။ ဥပမာ တရားသူကြီးနဲ့ ပတ်သက်ရင် တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ဆိုသလို အားလုံးရှိကြတယ်ပေါ့။ အစိုးရနဲ့သက်ဆိုင်ရင် အစိုးရအဖွဲ့၊ သူတို့အားလုံးကို ဝန်ကြီးချုပ်ကတက်ခိုင်းတယ်ပေါ့။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း တက်တယ်။ အခုလွှတ်တော်မှာ ဒုတိယအကြိမ်လွှတ်တော်မှာ ဝန်ကြီးချုပ်ဆိုတာ တစ်ခါဘဲမြင်ဖူးသေးတယ်” ဟု ဆက်လက် ပြောဆိုသည်။

ဦးအောင်သန်းတင်က “ တကယ်လို့များ ဒီဒေသနဲ့ပတ်သက်ပြီးတော့ ဒီလွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ ကိစ္စ တစ်ခုပေါ့။ မပြေလည်တဲ့ ကိစ္စတစ်ခု ပေါ်ခဲ့သည်ရှိသော် စီးပွားတစ်ခု လုပ်ငန်းတစ်ခုပေါ့။ ဥပမာ ဒေသတစ်ခုမှာ သဘာဝဘေးအန္တရာယ်နဲ့ဖြစ်စေ။ တစ်ခုခု ဖြေရှင်းရမယ့်ကိစ္စ၊ ချပြရမဲ့ဟာတွေကို တာဝန်ယူ ဖြေရှင်း ပေးနိုင်တာက ဝန်ကြီးချုပ်ပေါ့။ သူကချက်ချင်း လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကျေနပ်သွားအောင် ချပြရမယ်။ ဆုံးဖြတ်ပေးရမယ်” ဟု ထောက်ပြ ပြောဆိုသည်။

၎င်းပြင်သူက “ ဥပမာ ကတိကဝတ်တစ်ခုခု လမ်းနဲ့ပတ်သက်ပြီးတော့ ဒီနှစ်ဘတ်ဂျက်မပါလိုက်ဘူး။ နောက်နှစ် ဘတ်ဂျက်မှာ ပါဖို့အတွက် ကတိကဝတ်ပေးပါတယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးတွေက ကတိအဝတ်ပေးရတယ်။ အရင် လွှတ်တော်က ဆိုရင် ကိုယ်တို့က နောက်နှစ်မှာပါအောင် ထည့်ပေးမယ်ဆိုပြီးတော့ ကတိကဝတ်ပေးတယ်။ စီမံကိန်း plan မှာလည်း ထည့်ဖို့အတွက် ကိုယ်တို့က လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကျေနပ်အောင် ဖြေလည်းဖြေပေးရတယ်။ ထည့်စေဖို့အတွက်လည်း ကိုယ့်မှာ စီမံကိန်း plan ဆိုတာရှိရတယ်။ အဲဒါတွေကို ကိုယ်တို့က ပြတ်ပြတ်သားသားပေါ့။ ကိုယ်စားလှယ်တစ်ယောက်မေးလိုက်တာကို ဝန်ကြီးကဖြေလိုက်တယ်ဆိုရင် ကိုယ်တို့ကျေနပ်သွားတယ်ပေါ့။ ပြည်သူကိုလည်း ချပြလို့ရတယ်။ အခု အစိုးရ လက်ထက်မှာတော့ ယောင်ဝါးဝါး၊ နောင်နှစ်ဘက်ဂျက်တွေမှာ ထည့်ပေးပါမယ်ဆိုတဲ့အဖြေဟာ ယောင်ဝါးဝါးဖြစ်သွားတယ်။ တိကျတဲ့အဖြေအဟုတ်ဘူး။ ဒါကြောင့် ကိုယ့်တို့ကတော့ ဒီလွှတ်တော်ကို အားမရဘူးပေါ့”ဟု ဆိုသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...