အမျိုးသား ပညာရေး ဥပဒေတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် နှစ်ချက်စလုံးကို (မြေလတ်) ဗကသက လက်ခံမည်ဟုဆို

အမျိုးသား ပညာရေး ဥပဒေတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် နှစ်ချက်စလုံးကို (မြေလတ်) ဗကသက လက်ခံမည်ဟုဆို
by -
မဇ္ဈိမ
အမျိုးသား ပညာရေး ဥပဒေကြမ်း အခန်း(၄)တွင် ပြဋ္ဌာန်းမည့် “အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းရာတွင်” ပါဝင်ရမည့် ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးအတွက် အမျိုးသားလွှတ်တော်က “ကျောင်းသား သမဂ္ဂများ၏ ကိုယ်စားလှယ်” ဟုလည်းကောင်း၊ ပြည်သူ့လွှတ်တော်က “ကျောင်းသားများ၏ ကိုယ်စားလှယ်” ဟုလည်းကောင်း သဘောကွဲလွဲနေခြင်းအပေါ် ဗကသများအဖွဲ့ချုပ် (မြေလတ်) မှ သဘောတူကြောင်း ဗကသများအဖွဲ့ချုပ် (မြေလတ်) အဖွဲ့ဝင် ကိုချစ်ဝင်းမောင်က နှစ်မျိုးစလုံးကို လက်ခံနိုင်သည်ဟု ပြောသည်။

“ကျောင်းသား သမဂ္ဂကိုယ်စားလှယ်နဲ့ကျောင်းသား ကိုယ်စားလှယ် ဖြစ်နေကြတဲ့အချိန်မှာ မှန်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ အုပ်ချုပ်ရေး အဖွဲ့မှာတော့ ကျောင်းသားကိုယ်စားလှယ် ပါကို ပါရမယ်။ လက်ရှိမှာ ကျောင်းသားသမဂ္ဂက Legal မဖြစ်သေးတဲ့ အနေအထားမှာ ကျောင်းထဲက ကျောင်းသားတွေ အားလုံးကို ကိုယ်စား မပြုနိုင်သေးပါဘူး။ ဒီလို ကိုယ်စား မပြုနိုင်သေးချိန်မှာ အားလုံးပါ၀င်နိုင်ဖို့လိုတယ်။ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတဲ့ ကျောင်းသား သမဂ္ဂကိုယ်စားပြုမှ မဟုတ်ဘူး၊ ကျောင်းသား ကိုယ်စားပြု ဆိုရင်လည်း လက်ခံနိုင်ပါတယ်” ဟု လွှတ်တော်ဝင်းအတွင်းရှိ အိုင်အဆောင် ၁၂ တွင် မေလ ၂၇ ရက်နေ့ နံနက်ပြုလုပ်သော အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေးကော်မတီ အစည်းအဝေးသို့ လေ့လာသူအဖြစ် ရောက်ရှိလာသည့် ကိုချစ်ဝင်းမောင်က မီဒီယာကို ပြောသည်။

“အဓိက ကတော့ အစိုးရဘက်ကရော လွှတ်တော်ဘက်ကရော၊ ကျောင်းသားများ ဘက်ကရော၊ ဘုံ တူညီချက်တစ်ခု ရှိတာက ကျွန်တော်တို့နိုင်ငံရဲ ့ပညာရေး ကောင်းချင်တာပါ။ ခုနလည်း အန်တီ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားထဲမှာ ပါပါတယ်။ ပြန်ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေး ပါတီရှိတယ်၊ ပါတီဝင် မဟုတ်တဲ့ နိုင်ငံသားလည်း ရှိတယ်။ ပါတီဝင် မဟုတ်လို ့ တန်းတူရည်တူ အခွင့်အရေး မရဘူးဆိုတာ မဟုတ်ရဘူး။ အကုန် ရရမယ်။ အခုလက်ရှိမှာ ကျောင်းသား ကိုယ်စားလှယ်နဲ့ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်ကွဲနေတဲ့ သဘောကလည်း ဒီသဘောပါပဲလို့ ကျွန်တော် မြင်တယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောသည်။

ပြည်ထောင်စုလွှတ်တော်သည် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း အမျိုးသားပညာရေးဥပဒေကို ဦးစွာ ရေးဆွဲအတည်ပြုနိုင်ရေး ဆောင်ရွက်နေရသဖြင့် ထိုကော်မတီ အစည်းအဝေးများကို မကျင်းပနိုင်ဘဲ ရှိခဲ့ရာ မေလ ၂၇ရက်နေ့က ပြန်လည် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းအတော့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ အခုတော့ အမျိုးသား ပညာရေးဥပဒေက လည်း ပြန်လည်ပြင်ဆင်ရေး လုပ်နေပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက ဒီဥပဒေဟာ နှစ်ပတ်လောက် အတွင်း ပြတ်မယ်တဲ့။

အဲဒီလို ပြတ်တဲ့အခါမှာ sectorial law လို ့ခေါ်တဲ့ ကျန်တဲ့ ဥပဒေတွေ - အဆင့်မြင့်ပညာရေး ဥပဒေတို့ နည်းပညာနဲ့ အသက်မွေးပညာရေး ဥပဒေတို ့၊ အခြေခံပညာရေး ဥပဒေ၊ ဆရာအတတ်သင် ဥပဒေ၊ အဲဒီ ဥပဒေတွေကို ဆွဲဖို့အတွက်ကို ပြန်လုပ်ရမှာ၊ ဒါကြောင့်မို့လို့ ဒီအဆင့်မြင့် ပညာရေးဥပဒေ ရေးဆွဲရေးကော်မတီက အစည်းအဝေး ပြန်ခေါ်တဲ့သဘောပါပဲ” ဟု ယနေ ့အစည်းအဝေးသို ့တက်ရောက်ခဲ့သည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မြတ်က မဇ္စျိမကို ဖြေကြားသည်။

ထိုအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲရေး ကော်မတီဝင်များ၊ လွှတ်တော်ရေးရာ အမတ်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး အဆင့်မြင့် ပညာရေး ဥပဒေရေးဆွဲရေးတွင် အဆင့်မြင့်ပညာနှင့် နည်းပညာ၊ အသက်မွေးပညာတို့ကို မည်သို့ ချိတ်ဆက် ဆောင်ရွက်ကြမည်ဟူသည့် အချက်များကို မေလ ၂၇ရက်နေ့က ဆွေးနွေးခဲ့ကြသည်ဟု ကိုချစ်ဝင်းမောင်က ပြောသည်။

“ဒီလို ချိတ်ဆက်နိုင်ဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ အဆင့်မြင့်ပညာဆိုတာ ဘာလဲ definition ကို define (အဓိပ္ပာယ်ဖွင့်ဆိုမှု) လုပ်ရပါမယ်။ အဲဒီလိုလုပ်ရာမှာ ဒီနေ့အစည်းအဝေး တက်ရောက်လာတဲ့ ပညာရေး ဌာနက ဆရာကြီး ဆရာမကြီးများရော၊ လွှတ်တော်ဘက်က ကိုယ်စားလှယ်တော်ကြီးများရော၊ အပြန်အလှန် ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့က လေ့လာသူအဖြစ်နဲ့ နားထောင်ရတယ်။ အမျိုးသားပညာရေး ဥပဒေနဲ့ အဆင့်မြင့်ပညာရေးဥပဒေ ချိတ်ဆက်မယ့်နေရာမှာ အငြင်းပွားဖွယ်မဟုတ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ရမှာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“အဓိက ကတော့ အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာ တွဲသည်ဖြစ်စေ၊ မတွဲသည်ဖြစ်စေ၊ quality (အရည်အချင်း) ပါပဲ။ အဲဒီ quality အတွက်ကို ဘယ်လိုမျိုး Assurance (အာမခံချက်ရရှိမှု) ဖြစ်အောင် လုပ်မလဲ။ ပြီးတော့ တက္ကသိုလ်တွေက Autonomy (ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှု) ဖြစ်လာမယ်။ Autonomy ဖြစ်လာတဲ့ တက္ကသိုလ်တွေကို ဘယ်လို Autonomous ဖြစ်အောင်လုပ်မလဲ။ ဘယ်လို လည်ပတ်အောင် လုပ်မလဲ ဆိုတာတွေ အဓိကထားပြီး ဆွေးနွေးဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ယခင်က သိပ္ပံနဲ ့နည်းပညာဝန်ကြီးဌာန အောက်မှာ ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များ၊ GTI၊ GTHS အားလုံးထားရှိခဲ့ပြီး ယခုသိပ္ပံနဲ့ နည်းပညာအောက်မှ နည်းပညာနှင့် အသက်မွေးပညာ ခွဲပြီးတော့ သင်ကြားလာသည်များရှိကြောင်း၊ မူလတန်းပြီးသည်နှင့် အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းများ ထားရှိခြင်းမှာ ကျောင်းသားငယ်များအတွက် အသက် ၁၆ နှစ်ဖြင့် Professional (အသက်မွေးဝမ်းကျောင်း) လိုင်းကို ရွေးရန် ငယ်လွန်းနေသည့် ပြဿနာရှိကြောင်းနှင့် နိုင်ငံတကာတွင် အသက် ၁၈ နှစ်ခန့်မှသာ Professional လိုင်းကို ရွေးချယ်ကြကြောင်းလည်း ၎င်းက ထောက်ပြသည်။

“အဲဒီတော့ ခုဟာက မူလတန်းလောက်နဲ့တင် အဲဒီလိုမျိုး လုပ်နိုင်ပါ့မလား။ ဥပဒေတစ်ခု လုပ်တဲ့နေရာမှာ ကောင်းဖို့လည်း လိုသလို လက်တွေ့ကျဖို့လည်း လိုတယ်။ ဒါကြောင့် အပြန်အလှန် ဆွေးနွေးရမှာတွေ အများကြီး ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေး ကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေး ကျင်းပမည့်ရက်ကို မသိရသေးသော်လည်း ပညာရေးဝန်ကြီးဌာနဘက်ကရော လွှတ်တော်ဘက်ကပါ အဓိပ္ပာယ်ဖွင့်ဆိုမှု လုပ်လာကြသည်တို့ကို အပြန်အလှန် ဆွေးနွေးပြီး အကြမ်းဖျင်း အတည်ပြုနိုင်မည်ဟု အစည်းအဝေး တက်ရောက်သူတို့က မျှော်မှန်းထားကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...