ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အမ်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရန် ANP ပါတီ အားသွန် ကြိုးပမ်းနေ

ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အမ်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရန် ANP ပါတီ အားသွန် ကြိုးပမ်းနေ
Aung Kyaw နှင့် Arakan Htu Par ဖေ့စ်ဘုတ် စာမျက်နှာ
Aung Kyaw နှင့် Arakan Htu Par ဖေ့စ်ဘုတ် စာမျက်နှာ
လာမည့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေသော ပြည်သူ့လွှတ်တော်နေရာ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ အနေဖြင့် အနိုင်ရရန် အားသွန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကွင်းဆင်းပြီးလုပ်နေတာ ၂ လ ကျော်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ၀င်ပြိုင်တယ် ဆိုခြင်းထက် ပါတီအနေနဲ့ ၀င်ပြိုင်တယ်လို့ ခံယူပြီးတော့ ကိုယ့်လူမျိုး ဂုဏ်သိက္ခာအတွက် နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အကြိတ်အနယ် ကြိုးစား နေပါတယ်” ဟု ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ၀ိုင်းရံပေးမည့် အစီအစဉ် ရေးဆွဲထားပြီး၊ ယခုအခါ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့်အဖွဲ့သည် အမ်းမြို့နယ်သို့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာပြီး ယင်းမတိုင်မီ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အဖွဲ့တို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ယခုအခါ ကိုယ်တိုင် ကွင်းဆင်းပြီး ဖိဖိစီးစီး ဆောင်ရွက်နေကြောင်း၊ ပါတီပြင်ပမှ ၀ိုင်းရံပေးမည့်သူများ အနေဖြင့်လည်း မတ်လ ဆန်းပိုင်းတွင် စတင်ပြီး အမ်းမြို့နယ်သို့ ကွင်းဆင်းကာ စည်းရုံးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အမ်းမြို့နယ်သူ မြို့နယ်သားများ၏ ထောက်ခံမှုကို အပြည့် အဝ ရရှိအောင် ဆောင်ရွက်ကြိုးပမ်းနေကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

“အမ်းမြို့နယ်မှာ မဲဆန္ဒနယ် အမှတ် (၁) နဲ့ အမှတ် (၂) ဆိုပြီး နယ်မြေ ၂ ခုရှိတဲ့ အနက် အမှတ် (၂) မဲဆန္ဒနယ်ဖြစ်တဲ့ တပ်တောင်ဘက်မှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ် ပြီးသလောက်ဖြစ်နေပါပြီ။ အမှတ် ၁ မဲဆန္ဒဖြစ်တဲ့ အမ်းဘက်မှာပဲ နည်းနည်းကျန်နေသေးပါတယ်။ ရွာသားတွေအနေနဲ့ကျတော့ ကျွန်တော်တို့ သွားရောက်ခဲ့တဲ့ နေရာတွေမှာ အခြားအဖွဲ့တွေထက် ကျွန်တော်တို့ကို အားပေးနေတာကို တွေ့ရပါတယ်။ အားရကျေနပ်မှု ရှိပါတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၆၉ နှစ် ရှိနေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံထဲတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်နေသေးကြောင်း၊ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အမျိုးသားကို ကိုယ်စားပြုသည့် ပါတီကသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများကို ပြောကြားလိုသည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အမ်းမြို့နယ် အတွက် လစ်လပ်နေသော ပြည်သူ့ လွှတ်တော်နေရာတွင် USDP မှ ဦးသောင်းငြိမ်း၊ NLD မှ ဦးဇော်ဝင်းမြင့်နှင့် တစ်သီးပုဂ္ဂလ ဦးဇော်လင်းအောင်နှင့် ANP မှ ဒေါက်တာ အေးမောင်တို့ ပါ၀င်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...