နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အခမ်းအနား စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးတွင် ပြုလုပ်

နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အခမ်းအနား စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးတွင် ပြုလုပ်
by -
နိရဥ္စရာ
 ဦးခိုင်ဆန်းအောင် တက်ရောက် မိန့်ခွန်းပြောကြားနေစဉ်
ဦးခိုင်ဆန်းအောင် တက်ရောက် မိန့်ခွန်းပြောကြားနေစဉ်
နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားသို့ သံတမန်များ၊ UN အဖွဲ့မှ အရာရှိများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အတူ ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေး အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ဆန်းအောင်လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးခိုင်ဆန်းအောင်က အခမ်းအနားတွင် အင်္ဂလိပ်စကားဖြင့် တက်ရောက်မိန့်ခွန်းပြောကြားရာတွင် “ကျွန်တော်တို့ ရခိုင်တွေမှာလည်း ရခိုင်စကားတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။ ရခိုင်စကားတွေဟာ ဗမာစကားနဲ့ ရောထွေးလာတယ်။ ဗမာမှု ပြုခြင်းအောက်မှာ ရခိုင်စကားတွေ တိမ်ကောလာခဲ့ရတယ်။ ကိုယ့်ရခိုင်ပြည် ဖြစ်လျက်သားနဲ့ ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်ထဲမှာ မိမိဘာသာစကားနဲ့ ပညာသင်ကြားခွင့် မရရှိသေးဘူး။ ဒီလို ကိုယ့်ဘာသာစကားနဲ့ စာပေသင်ကြားခွင့်မရတာဟာ ရခိုင်အမျိုးသားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါ ”ဟု ပြောကြားသည်။

၎င်းပြင် သူက ရခိုင်ဘာသာစကားတည်တံ့ရေးအတွက် သံတမန်များ၊ နိုင်ငံတကာ မိသားစုများ အနေဖြင့် ကူညီ ကြရန်လည်း တိုက်တွန်းသွားခဲ့သည်။

မိခင်ဘာသာစကားနေ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပါကစ္စတန် လက်အောက်ကို ရောက်ရှိခဲ့စဉ်က သူတို့၏ ဘင်္ဂလီစကားကို ဘင်္ဂလီ အများစု နေထိုင်ရာ ယင်းအချိန်က အရှေ့ပါကစ္စတန်တွင် အသုံးပြုရန် တောင်းဆိုရာမှ ကြီးမားသော လူထု လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပြီး တက်ကြွ လူပ်ရှားသူ အများအပြား အသတ်ခံခဲ့ရသည်။

ယင်းလူပ်ရှားမှုမှ ဘင်္ဂလီ အမျိုးသားများ အကြား အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာပြီး ပါကစ္စတန်ကို စတင်တော်လှန်ရာ ၁၉၇၁ နှစ် မတ်လ ၂၆ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်။

“ အဲဒီတုန်းက ဘင်္ဂလီက လူများစု ဖြစ်ပေမယ့် အရှေ့ပါကစ္စတန်မှာ ဘင်္ဂလီဘာသာစကားကို အသုံးပြုခွင့်မရဘူး။ ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ဘင်္ဂလီဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုရေးအတွက် လူပ်ရှားမှုပေါ်ပေါက်ခဲ့တယ်။ အရှေ့ပါကိစ္စတန် အစိုးရက သတ်မှတ်ထားတဲ့ အူရဒူဘာသာစကားကို ရုံုးသုံး ဘာသာစကား အဖြစ် အသုံးမပြုနိုင်ဘူးဆိုပြီး တောင်းဆိုတယ်။ ဘင်္ဂလီ ပညာတတ်တွေ အများအပြား အသတ်ခံရတယ်။ ထောင်သွင်းအကျဉ်းကျ ခံရတယ်။ အဲဒီကနေ့ စတင်ပြီး တော်လှန်တယ်။ အဲဒီမှ တစ်ဆင့် လွတ်လပ်ရေးကို ရယူခဲ့ကြပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံကို ထူထောင်နိုင်ခဲ့ကြတယ်။ အဲဒီနေ့ကို မိခင်ဘာသာ စကားနေ့အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတ်မှတ်ခဲ့ကြပါတယ်” ဟု ဦးခိုင်ဆန်းအောင်က မိခင်ဘာသာစကားနေ့ ပေါ်ပေါက်လာပုံကို ရှင်း ပြောဆိုသည်။

ထိုမှတစ်ဆင့် ရှိတ်ခါဆီးနာသည် ၁၉၉၀ ပြည့်လွန် နောက်ပိုင်း ၀န်ကြီးချုပ်ဖြစ်လာပြီးနောက် နိုင်ငံတကာတွင် မိခင်ဘာသာစကားနေ့ မရှိသေး၍ ဘင်္ဂလားဒေ့ရှ်တွင် သတ်မှတ်ထားသော မိခင်ဘာသာစကားနေ့ကို နိုင်ငံတကာ မိခင်ဘာသာစကားနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂတွင် ဆွေးနွေးတင်ပြခဲ့ရာမှ ကုလသမဂ္ဂလက်အောက်ခံ UNESCO မှ ယင်းနေ့ကို မိခင်ဘာသာစကားနေ့ အဖြစ် ၁၉၉၉ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...