ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုစာရင်းများနှင့် ကာလတန်ဖိုးများကိုသိရှိလိုကြောင်း စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်ဦးအေးသိန်း၏မေးခွန်းနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြသွားခဲ့ခြင်းဖြစ်သည်။
“စုစုပေါင်းဖမ်းဆီးရမိတဲ့ အမှုအရေအတွက်ကတော့ ၁၂၁ မှုရှိပြီးတော့ ကာလတန်ဖိုးအားဖြင့်တော့ ၅၆ ဒသမ ၃ဝ၅၉ ဘီလီယျံရှိခဲ့ပါတယ် “ဟု ဝန်ကြီး ဦးကျော်အေးသိန်းက လွှတ်တော်တွင် တင်ပြသွားသည်။
အဆိုပါဖမ်းဆီးရမိမှုမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စိတ်ကြွဆေးပြား များအပါအဝင် ဆေးခြောက်နှင့် မော်ဖိန်းတို့ဖြစ်ကြသည်။ အမှုနှင့်ဆက်စပ်သည့် တရားခံစုစုပေါင်း ၁၉၅ ဦးကိုလည်း ဖမ်းမိထားသည်ဟု ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။







