မွန်ပြည်နယ် ၁၀ မြို့နယ်စလုံး ရေရှားပါးနေ

မွန်ပြည်နယ် ၁၀ မြို့နယ်စလုံး ရေရှားပါးနေ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်စလုံးတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း ရေ လိုက်လံ ဖြန့်ဝေပေးနေသူများနှင့် ဒေသခံများက ပြောသည်။

ပင်လယ်နှင့်နီးသည့် မြို့နယ်များတွင် မတ်လဆန်းမှစတင်ကာ ရေပြတ်လပ်ခဲ့ပြီး ဧပြီတတိယအပတ်ခန့်တွင်  ၁၀ မြို့နယ်လုံးရှိ ကျေးရွာအများစု ရေပြတ်လပ်ကာ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

မုဒုံမြို့ဒေသခံ ဦးထွန်းကြည်က “ခါတိုင်းနှစ်တွေ ရေအခက်အခဲဖြစ်တယ်ဆိုပေမယ့် ဒီနှစ်လောက်မဆိုးဘူး။ ကိုယ့်ရေတွင်းနဲ့ ကိုယ့်အိမ်နဲ့ သုံးလို့လောက်တဲ့အနေအထားရှိတယ်။ ဒီနှစ်ကတော့ တစ်ရွာလုံးပဲ ရေအခက်အခဲ ဖြစ်နေတယ်၊ ဝယ်သုံးနေရတယ်။ အခုနောက်ပိုင်းဆို အလှူရှင်တွေ လာလှူပေးတဲ့ ရေတွေလည်း ရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ရေး စသည့် မြို့ နယ်များမှ ကျေးရွာအများစုတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရေကို ဝယ်ယူအသုံးပြုနေရသည်ဟု ဒေသခံများက ပြောသည်။

ဝယ်ယူရာတွင် ရေပမာဏအပေါ်မူတည်ပြီး ယာဉ်ဖြင့် တစ်ခေါက်သယ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ ကြား ပေးနေရသည်ဟု သိရသည်။ ရေအခက်အခဲဖြစ်သည့် ကျေးရွာများသို့ မွန်ညီညွတ်ရေးပါတီ၊ မွန်လူငယ်အဖွဲ့တို့အပြင် မီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် ပရဟိတအဖွဲ့အစည်းများက ရေများလိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။

ရေအခက်ကြုံနေသည့် ချောင်းဆုံမြို့ နယ်ရှိ ကျေးရွာများသို့ ရေဖြန့်ဝေပေးနေသည့်အပြင် ရေရှည် အတွက် ရေထွက်ရှိသည့်နေရာမှ ရေသွယ်တန်းပေးနိုင်ရေးကိုလည်း စီစဉ်ပေးနေသည်ဟု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ရေအခက်အခဲဖြစ်ပွားနေကြောင်း မိမိတို့ဌာနသို့  တင်ပြလာသည့် သထုံ၊ ဘီးလင်း၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများသို့ ရေပေးဝေလျက်ရှိကြောင်း၊သောက်သုံးရေပြတ်လပ်ပြီး ရေအခက်အခဲ ကြုံတွေ့လာပါက ယင်းဌာနသို့ အကူအညီတောင်းခံနိုင်ကြောင်းနှင့် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုသည်။

အလားတူ သက်ဆိုင်ရာ စည်ပင်၊ မီးသတ်တပ်ဖွဲ့များထံသို့လည်း အကူအညီတောင်းခံနိုင်သည့်အပြင် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများကလည်း ရေအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...