ထိုင်းနိုင်ငံ ဆောင်ခလာခရိုင်တွင် တရားမဝင် အလုပ်သမားများအတွက် ကိုဗစ် ၁၉ ရောဂါကုသရေးဌာန ဖွင့်လှစ်

ထိုင်းနိုင်ငံ ဆောင်ခလာခရိုင်တွင် တရားမဝင် အလုပ်သမားများအတွက် ကိုဗစ် ၁၉ ရောဂါကုသရေးဌာန ဖွင့်လှစ်

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် ဆောင်ခလာခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနကို ကိုဗစ် (၁၉) ရောဂါကုသရေးဌာနအဖြစ် ယာယီပြောင်းလဲ ဖွင့်လှစ်ထားပြီး ရောဂါကူးစက်ခံထားရသူ ပြည်ပမှ တရားမဝင်အလုပ်သမားအချို့ကို ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဌာနတွင် ကုသပေးနေသူ  ၄၂  ဦး ရှိကြောင်း၊ ၎င်းတို့မှာ ထိုင်းသို့ ပြည်ပမှ တရားမဝင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ ဝင်များ ဧပြီ ၃၀ ရက်တွင် ယင်းနေရာသို့ သွားရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံ အမှတ် (၃) ရုပ်မြင်သံကြား ညပိုင်းသတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်းကျန်းမာရေးဝန်ကြီးက "ဒီနိုင်ငံအတွင်းကို ရောက်လာတဲ့ မည်သူမဆို လူသားစာနာမှုအနေနဲ့ ကြည့်ရှူစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ လူနာက ၄၂  ဦး ဆိုတော့ အခြားဆေးရုံတွေကို ရွှေ့ပြောင်းသွားဖို့ ဆိုတာကလည်း မလွယ်ကူလှဘူး။ ဒါကြောင့် ဒီနေရာကို ကိုဗစ် ၁၉ ကုသရေးဆေးရုံအနေနဲ့ ပြောင်းလဲလိုက်တာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အတူ လူသားစာနာမှုအနေဖြင့် လိုအပ်သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ထားရှိကာ ဆေးဝါးနှင့် စားစရာများလည်း ဖြည့်ဆည်းထားမည် ဖြစ်ကြောင်း သိရသည်။

ဆေးရုံအုပ် ဒေါက်တာသုဝမ်ဝိရိဖုန်သုကာန်က "ဒီမှာ ဆေးရုံတစ်ရုံလိုပဲ ကျနော်တို့ စီစဉ်ထားတာပါ၊ ပစ္စည်းတွေလည်း အပြည့်အဝရှိတယ်။ နောက်ပြီး ဒီဆေးရုံမှာ ကိုဗစ် ၁၉ ရောဂါရသွားတဲ့ ပြည်ပအလုပ်သမားတွေကို ကုသနိုင်တဲ့ ပတ်ဝန်းကျင်အတွက်လည်း လုံခြုံပါတယ်"ဟု ဆိုသည်။

လူနာ ၄၂ ဦးတွင် မြန်မာနိုင်ငံသား အများဆုံး ပါဝင်ပြီး ကမ်ပူချားနှင့် အိန္ဒိယနိုင်ငံသားများလည်း ပါဝင်သည်ဟု ထိုင်းရုပ်သံသတင်းတွင် ဖော်ပြသည်။

ထိုင်း၊ မလေးရှားတို့တွင် ကိုဗစ် ၁၉ ကပ်ရောဂါ မတ်လဆန်းက စ ကျရောက်ခဲ့သဖြင့် ယင်းနိုင်ငံရောက် အလုပ်သမားများ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ နေရပ်ပြန်ရန် ကြိုးစားရာမှ အဖမ်းဆီးခံရသည့်အပြင် ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံနေရသူများလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃,၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံသား ၅၁ ဦးပါဝင်ကြောင်း ထိုင်းကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...