ရခိုင်တွင် အရပ်သား ၆ ဦးထက်မနည်း ထပ်မံ ဒဏ်ရာရ

ရခိုင်တွင် အရပ်သား ၆ ဦးထက်မနည်း ထပ်မံ ဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်၊ မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်များတွင် လက်နက်ကြီးကျည်နှင့် မိုင်းပေါက်ကွဲမှုများ  ဧပြီ ၂၉ ရက်က ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုတွင်း ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်ရဲသော ဒေသခံတစ်ဦးက ပြောသည်။

“ဦးမောင်သန်းတင်ပေါ့၊ သူက ဝါးသွားခုတ်မယ်ဆိုပြီး အိမ်ကနေသွားလိုက်တာ၊ လမ်းမှာ ထောင်ထားတဲ့ မိုင်းပေါ့၊ အဲဒီမိုင်းရဲ့ ကြိုးကို နင်းမိပြီး မိုင်းပေါက်သွားတာ။ ဘယ်လိုပြောမလဲ၊ ဒဏ်ရာရ သွားတာလေ။ ခြေထောက်ရယ်၊ ညာဘက်ရင်အုံအခြမ်းရယ်မှာ ဒဏ်ရာရသွားတာဗျ။ အခုတော့ ကျနော်တို့ စစ်တွေဆေးရုံကို ပို့လိုက်ပြီ” ဟု  ဧပြီ ၂၉ ရက်တွင် ပြောသည်။

ထို့ပြင် မြောက်ဦးမြို့တွင်လည်း ဧပြီ ၂၇ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ညောင်ပင်ဈေးရွက်ရှိ ထမင်းဆိုင်တစ်ဆိုင်အတွင်း ဧပြီ ၂၇ ရက် ညနေက လက်နက်ကြီးကျည်ကျခဲ့ရာ ထမင်းဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြောက်ဦးဒေသခံတစ်ဦးက ဆိုသည်။

 “အဲဒီ ထမင်းဆိုင် ဝန်ထမ်းနဲ့ ဆိုင်ပိုင်ရှင်တွေကို ထိသွားတယ်။ ပြီးတော့ ဗမာတပ်ပေါ့၊ တပ်မတော်စစ်ကြောင်းက မြို့တွင်းထဲမှာလည်း နာရီဝက်၊ တစ်နာရီလောက် လိုက်ပြီး ပစ်ခတ်တာတွေ ရှိတယ်။ တပ်မတော်စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရလို့တော့ ပြောတယ်။ လက်နက်ငယ်တွေနဲ့ မြို့ထဲ လိုက်ပစ်တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာ။ ဒီနေ့နဲ့ဆိုရင် သုံးရက် ရှိပြီ။ ကျနော်တို့ ဒီ မြောက်ဦးမြို့ပေါ်မှာ အခုထိပဲ တပ်မတော်က စစ်သားတွေ အများကြီး ရှိနေတယ်ဗျ” ဟု ပြောသည်။

ထို့အပြင် ဧပြီ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနားရှိ ကံ့ကော်မြိုင်ကျေးရွာဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသလို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ် မှန်ကန်ကြောင်း ပြောဆိုခဲ့သည့်အပြင် “ကံ့ကော်မြိုင်ရွာ အိမ်ထောင်စု ၁၂၀ လည်း အခု ဘူးသီးတောင်မြို့ပေါ်ကို ရောက်ပါတယ်” ဟု ဆက်လက်ပြောသည်။

တပ်မတော်နှင့်ULA/AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ကာလ အတော်ကြာလာပြီဖြစ်ပြီး တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ မြင့်တက်လျက်ရှိကာ စစ်ဘေးရှောင်သူ ဦးရေလည်း ၁၅၀၀၀၀ ကျော်ပြီဟု သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက“အဓိကက အခုဖြစ်နေတာကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားနေတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျနော် တို့ပြည်သူဆိုတာက စစ်ရေးပစ်မှတ်မဟုတ်ပါဘူး ခင်ဗျ။ ကျနော်တို့ ပြည်သူကို ဘယ်လက်နက်ကိုင် အဖွဲ့က ပဲဖြစ်ဖြစ် အကာအကွယ်ပေးဖို့လိုတယ်။ အထူးသဖြင့် အခုတိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်လက်နက်ကိုင်တွေ အနေနဲ့ ဒါကို လိုက်နာဖို့လိုတယ်။ အခုက အပြောတစ်မျိုး လုပ်တစ်မျိုးဖြစ်နေတယ်။ ဘယ်ကပစ်တယ်၊ ဘယ် သူပစ်တယ်ဆိုတာကတော့ ကာယကံရှင်တွေက အသိဆုံးဖြစ်တယ်။ ဘယ်လောက်ပဲငြင်းငြင်း ဒီအဖြစ်မှန် တွေ သိဖို့အတွက် အင်တာနက်တွေ ဖွင့်ပေးဖို့လိုတယ်။ သတင်းသမားတွေကို လွတ်လပ်စွာ ရယူပိုင်ခွင့်တွေ ရှိဖို့လိုတယ်။ အဲဒီလိုမျိုးတွေ ဖြစ်စေချင်တယ်ဗျ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများမှာ မြို့ပေါ်အထိ ရောက်ရှိလာနေပြီး နေ့စဉ်ရက်ဆက်နီးပါး ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးမှုနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှုန်း မြင့်တက်လာနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...