ထိုင်းပြန်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝင်ခွင့်မပြု

ထိုင်းပြန်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝင်ခွင့်မပြု
မွန်ပြည်သစ်ပါတီ၏ အမိန့်ညွှန်ကြားစာ(Copy)
မွန်ပြည်သစ်ပါတီ၏ အမိန့်ညွှန်ကြားစာ(Copy)

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်လျက်ရှိရာ ထိုင်းပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဧပြီလ ၂၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “အစိုးရက ကျနော်တို့ကို အသိပေးလာတယ်၊ ဧပြီ ၃၀ လကုန်ပြီးရင် နေရပ်ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီလမ်းကြောင်းကနေ ကြိုဖို့ အစိုးရအစီအစဉ်တွေ ချမှတ်ထားပြီးပြီ၊ အဲဒါကြောင့် ဘုရားသုံးဆူလမ်းဘက်ကနေ ပြန်မလာကြဖို့၊ ကျနော်တို့ပါတီကိုလည်း ဝိုင်းဝန်းတားမြစ်ပေးဖို့ အကြောင်းကြားလာတယ်၊ အကယ်၍ နယ်စပ်နေရာအနှံ့ကနေ သူ့ပုံစံနဲ့သူ ဝင်လာခဲ့ရင် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ထိရောက်မှာမဟုတ်ဘူး၊ ထိန်းရလည်း ခက်ပါလိမ့်မယ်” ဟု မွန်ပြည်သစ် Facebook လူမှုကွန်ရက်တွင် မွန်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။

မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သွားလာရာတွင် ခရီးအကွာအဝေး အတိုဆုံးလမ်းဖြစ်သည့် ဘုရားသုံးဆူနယ်စပ်သည် တရားမဝင် လမ်းကြောင်းဖြစ်သည့်အားလျော်စွာ စာရွက်စာတမ်း အထောက်အထားမဲ့သူများက ပွဲစားဖြင့် ဝင်ထွက်သွားရာ လမ်းကြောင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။

“ဒါကြောင့် မြဝတီလမ်းကြောင်းတစ်ခုတည်းကနေပဲ ပြန်လာကြဖို့၊ မြဝတီရောက်ရင် အစိုးရအစီအစဉ်နဲ့ ကြိုပေးမှာဖြစ်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာရှိတဲ့ Quarantine စခန်းတွေကို ဆက်လက်ပို့ပေးမယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

ထို့အပြင် Covid 19 ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း ထိုင်းမှ ပြန်လာသူများအနေဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာနှင့် ကြံတောရွာသို့ ဝင်ရောက်ခွင့်မပြုကြောင်း၊ လိုက်လံပို့ဆောင်ပေးသောပွဲစားများကို ဖမ်းဆီးမိပါက ဒဏ်ငွေ ဘတ် ၅ သောင်း (သို့မဟုတ်) ဒဏ်ငွေဘတ် ၃ သောင်းနှင့် အလုပ်ကြမ်း ၃ လ ချမှတ်ခံရမည်ဖြစ်ကြောင်း ဧပြီလ ၁၁ ရက်နေ့က ဗဟိုညွှန်ကြားချက်အရ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးရုံးက  အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အလားတူ ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချပူရီခရိုင် စံခလပူရီမြို့နယ်တွင်လည်း မြန်မာဘက်ခြမ်း ဘုရားသုံးဆူဒေသသို့ မြန်မာနိုင်ငံသားများ ခရီးသွားရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း၊ ပို့ဆောင်ပေးသော မော်တော်ကား ဒရိုင်ဘာများကို ဖမ်းဆီးအရေးယူ၍ တစ်နှစ်ထက် မပိုသောထောင်ဒဏ်(သို့မဟုတ်) ဘတ်တစ်သိန်းထက် မပိုသောငွေဒဏ်(သို့) ထောင်ဒဏ်ရောငွေဒဏ်ပါတစ်ပေါင်းတည်းကျခံရမည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ စံခလပူရီမြို့ပိုင်က ဧပြီလ ၁၄ ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။ ယင်းအမိန့်မှာ နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း အတည်ဖြစ်နေသည်ဟု သိရသည်။

သို့ရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဘုရားသုံးဆူနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်ပါကလည်း တရားဝင်ပြန်လည်ဝင်ရောက်ခြင်းဖြစ်စေရေးအတွက် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်/ထွက်စေရေး ပူးပေါင်း ကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဧပြီလ(၂၁) ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီသို့ အကြောင်းကြားစာပေးပိုခဲ့သည်။

လက်ရှိတွင် ထိုင်းအစိုးရက အရေးပေါ်အမိန့်ကို မေလ ၃၁ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်သဖြင့် ညမထွက်ရအမိန့်(ည ၁၀ နာရီ မှ နံနက် ၄ နာရီအထိ) ဆက်လက်ရှိနေသေးသည့်အတွက် မြန်မာအလုပ်သမားများ နေရပ်ပြန်လာရေးအခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံသို့ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ Website ပေါ်တွင်  တရားဝင်စာရွက်စာတမ်းအထောက်အထားမရှိသူများလည်း စာရင်းပေးသွင်းထားနိုင်ကြောင်း သတင်းရရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...