Covid-19 ကြောင့် (၂၁) ရာစုပင်လုံညီလာခံအချိန်ရွှေ့ဆိုင်း

Covid-19 ကြောင့် (၂၁) ရာစုပင်လုံညီလာခံအချိန်ရွှေ့ဆိုင်း

ဧပြီလကုန်ပိုင်းတွင်ကျင်းပရန် ဆုံးဖြတ်ထားသည့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကူးစက်မြန် Covid-19ရောဂါကြောင့် အချိန်ရွှေ့ဆိုင်းလိုက်ရကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ပြောသည်။

“လူစုလူဝေးနဲ့ကျင်းပရမယ့်ကိစ္စအားလုံးကို အချိန်ရွှေ့ဆိုင်းလိုက်ရတယ်၊ ဒီလမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ၂၁ ပင်လုံကိုလည်း ရွှေ့လိုက်ရတယ်၊ UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေးတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရတယ်၊ ဘယ်လောက်အထိကြာနိုင်မလဲဆိုတာ ရောဂါအခြေအနေအပေါ် တည်ပါတယ်၊ အရှိန်လျော့ကျသွားတဲ့အခါ  ဆက်ပြီးလုပ်သွားမှာပါ” ဟု နိုင်ဟံသာက ဆိုသည်။

ထို့ပြင် ညီလာခံမတိုင်မီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC အစည်းအဝေးများ၊ ကျန်ရှိနေသော လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးနိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများကိုလည်း လက်ရှိဖြစ်ပေါ်နေသော ရောဂါကူးစက်ပြန့်ပွားမှုအနေအထားအရ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း မကြာမီရက်ပိုင်းက မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင်  မွန်ပြည်သစ်ပါတီဥက္ကဌ ပြောဆိုခြင်း ဖြစ်သည်။

အစိုးရ၊ တပ်မတော်၊လွှတ်တော်ပါဝင်သော အစိုးရကိုယ်စားလှယ်များနှင့်  အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးက (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကို ဧပြီနောက်ဆုံးပတ်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ထို့အတူ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ Online အစည်းအဝေးကို ဧပြီလ ၂၂-၂၃ ရက်နေ့များက ကျင်းပခဲ့ရာတွင်  မိမိမတက်ရောက်ဖြစ်သည့်အတွက် ဆွေးနွေးသည့်အကြောင်းအရာများကို ရှင်းမပြနိုင်သေးဟု မွန်ပြည်သစ်ပါတီပြောခွင့်ရ နိုင်အောင်မငေးက ဆိုသည်။

ယင်းကဲ့သို့ (၂၁) ရာစုပင်လုံညီလာခံ ရက်ရွှေ့ဆိုင်းလိုက်ရသော်လည်း အရှိန်အဟုန်ရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်ရပ်တန့်မသွားစေရေး ဂရုပြုဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် Online အစည်းအဝေး ကျင်းပနိုင်ရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

သို့ရာတွင် ယင်းသို့ အချိန်ရွှေ့ဆိုင်းလိုက်ရသည်ပြောဆိုမှုများနှင့်ပတ်သက်၍ အစိုးရပြောခွင့်ရပုဂ္ဂိုလ်အချို့အား ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမရှိပေ။

အလားတူ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကြောင့် ဧပြီလ ၂၇ ရက်တွင် ပြန်လည်ကျင်းပဖို့လျာထားသည့် ၁၆ ကြိမ်မြောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...