“အဓိက ဆွေးနွေးတာက မောင်တော အရေးကိစ္စနဲ့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရခိုင်လူထုတွေရဲ့ ဒီနေ့ ခံစားနေရတဲ့ အခြေအနေတွေကို မေးမြန်းဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ရခိိုင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် စစ်တွေမြို့မိမြို့ဖများ အပါအဝင် စစ်တွေ၊ မြောက်ဦးနှင့် မောင်တောခရိုင်မှ ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများနှင့်ပါ ဆွေးနွေးခဲ့သည်။
“ ကျွန်တော်တို့ ပါတီက လက်ရှိ အာဏာရပါတီ မဟုတ်ဘူး။ ဒါကြောင့် ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ တစ်ဆင့် လိုအပ်တာတွေရှိရင် တင်ပြမယ်။ ပြည်သူလူထုတွေကို ထုတ်ပြန်တဲ့ ဥစ္စာတွေလည်း ရှိမှာပေါ့။ ဒီလိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အနေဖြင့် ရခိုင်အရေးကို မည်သို့ ဆောင်ရွက်ရန် အစီအစဉ် ရှိပါသလဲဟု မေးမြန်းစဉ် ဒေါက်တာ စန်းရွှေက ဖြေကြာခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတူ ယခင်နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွှင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့ အတူလိုက်ပါလာကြသည်။
“ ဒီဒေသမှာ ဖြစ်နေတဲ့ ကိစ္စကို အကြမ်းဖက်တယ် ဆိုရင်လည်း အကြမ်းဖက်တယ်ဆိုတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ နိုင်ငံတကာကို တင်ပြနိုင်ဖို့လိုပါတယ်။ သက်ဆိုင်ရာ တင်ပြနိုင်တဲ့ အဖွဲ့အစည်းကပေါ့လေ။ အစိုးရ အဖွဲ့အစည်းက ဖြစ်ဖြစ် တင်ပြနိုင်ဖို့လိုပါတယ်။ ရခိုင်သူ ရခိုင်သားတွေရဲ့ လုံခြံုရေးကလည်း ကျွန်တော်တို့ စိတ်အေးအေးနဲ့ နေထိုင်နိုင်ဖို့ လိုပါတယ်။ ဒါမှလည်း တရားဥပဒေစိုမိုးရေး လုံခြံုနိုင်မှသာလျှင် ဒီဒေသမှာ ရခိုင်မျိုးနွယ်စုတွေ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်တဲ့ အတွက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့လိုပါတယ်” ဟု ဒေါက်တာ စန်းရွှေက မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောကြားသည်။
ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ စစ်တွေခရီးစဉ်အတွင်း အမ်းမြို့နယ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဆွေးနွေးခြင်း မရှိကြောင်း၊ ၎င်းရွေးကောက်ပွဲ ကိစ္စကို အမ်းမြို့တွင် ဆွေးနွေးခဲ့ပြီ ဖြစ်ကြောင်း ပြောကြားသည်။







