ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပစ်ခတ်မှုများ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
“ဒီ မင်းပြားမြို့ပေါ်က နှစ်ယောက်ရယ်၊ ဆိုင်ကယ်နဲ့သွားနေတဲ့ လူငယ်နှစ်ယောက်ပါ။ နောက်ပြီး နရမ်းက တစ်ယောက်ပါတယ်။ အဲ့ထဲက ဒီ နရမ်းက ဦးစံကျော် ဒီဦးလေးက ကျွဲမောင်းပြီး ပြန်လာတာ။ အဲ့ဒါ လက်နက်ကြီးနဲ့ ပစ်ခံလိုက်ရတယ်။ သူက ခြေနှစ်ဖက်လုံး ပြတ်သွားတာဗျ။ ဒီမင်းပြားဆေးရုံရောက်တော့ သေသွားတယ်။ နောက်ပြီး ရိုဟင်ဂျာဘင်္ဂလီလည်း တစ်ယောက် နှစ်ယောက်လောက် လက်နက်ကြီးထိသွားတာရှိတယ်။ သူတို့လည်း သေတယ်ပြောတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
လူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် သွားနေစဉ် တပ်မတော် စစ်ကြောင်း တစ်ခုက ပစ်ခတ်လိုက်သည့်အတွက် ဒဏ်ရာရ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ကလည်း “ဖြစ်စဉ် အခြေအနေကတော့ ဒီ မြို့သစ်က လူငယ်နှစ်ဦးရယ်၊ နရမ်းက လူကြီးတစ်ဦးရယ် သေဆုံးတယ်။ နောက်ပြီးတော့ မူစလင် ကုလားနှစ်ဦးလည်း ပါတယ်လို့ပြောတယ်။ ဒီဟာတော့ အတိအကျမသိရ သေးဘူး။ နောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့လူစာရင်လည်း မသိရသေးဘူး” ဟု ပြောသည်။
ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းကလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်ကာ စစ်ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရသည်ဟု ဦးလှသိန်းအောင်က ဆက်ပြောသည်။
“ဒီနေ့လည်း ၁၂ နာရီ၊ ၁ နာရီလောက်မှာ ဒီဘက်က လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်။ အခု လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတော့ ကျနော်တို့ မင်းပြားမြို့နယ် ရာမောင်တံတားနား အဝိုင်းနားမှာပဲ ပစ်ခတ်နေကြတာ။ လက်နက်ငယ်တွေပစ်ခတ်သံတော့ မကြားဘူး။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ လောက်ပဲ သိရတယ်။ လက်နက်ကြီးကျတဲ့နေ့ကစပြီး ပြည်သူတွေ ထွက်ပြေးလာကြတယ်။ မင်းပြားမြို့ ထဲကိုလေ။ လက်နက်ကြီးတွေ ထပ်ကျမှာစိုးရိမ်လို့လေ။ တော်တော်များတယ်။ ရာနဲ့ချီလောက်ရှိမယ်။ မနေ့က ရောက်လာတာ အတော်များတယ်။ ရာကြီးဂဏာန်းလောက်တောင် ရှိတယ်။”
မင်းပြားက ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
သို့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် “မိုင်းထောင်ဖောက် ခွဲရန် ရောက်ရှိလာသည့် AA အကြမ်းဖက် သောင်းကျန်းသူ ၂ ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း၊ သေဆုံးသူ နှစ်ဦးနှင့်အတူ ၎င်းတို့အနီးမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် မိုင်းထောင် ဖောက်ခွဲရန် အသုံးပြုသည့် ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခု တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည် ” ဟု ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီ ၂၁ ရက်ကလည်း မင်းပြားမြို့နယ်အတွင်း AA နှင့် ပတ်သက်ဆက်နွယ်သူ တစ်ဦးအား အသေဖမ်းဆီးရမိသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် ULA/AA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများမှာ မြို့ပေါ်အထိ ရောက်ရှိ လာပြီး နေ့စဉ်ရက်ဆက်နီးပါး ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံး မှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှုန်း မြှင့်တက်လာနေသည်။
ဦးလှသိန်းအောင်က “ကျနော်တို့ စိုးရိမ်တာက ဒီအခုဖြစ်နေတဲ့ ပဋိပက္ခအတွင်း နောက်ထပ် အရပ်သားတွေ သေမှာ၊ ထွက်ပြေးရမှာ ရွာတွေ မီးရှို့ခံရမှာတွေကို အထူးစိုးရိမ်တယ်။ မြို့ပေါ်မှာလည်း မနေ့ကလိုမျိုးတွေ ထပ်ဖြစ်မှာကို စိုးရိမ်တာပေါ့။ အခုက ရွာတွေက ပြည်သူလူထုပဲ မဟုတ်တော့ဘူး မြို့ပေါ်က လူထုတွေလည်း စိုးရိမ်ကြောက်လန့်နေကြပြီ။ အခြေအနေတွေက ပိုပိုပြီး ဆိုးရွားလာတာပဲရှိတယ်။ ဘယ်သူကမှလည်း တာဝန်မယူပေးကြဘူး။ လူထုတွေက ကြောက်လန့်ပြီး တော်တော်လေးကို စိုးရိမ်နေကြတယ်” ဟု ပြော သည်။
ယခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး WHO ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ဝန်ထမ်းတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခွင့်ပြုရန် အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထုတ်ပြန်တောင်းဆိုထားသည်။







