မွန်ပြည်နယ်ရှိ CBFQ စခန်းတစ်ခု၌ စည်းကမ်းဖောက်ဖျက်သူ ထောင်ဒဏ် သုံးလ ချမှတ်ခံရ

မွန်ပြည်နယ်ရှိ CBFQ စခန်းတစ်ခု၌ စည်းကမ်းဖောက်ဖျက်သူ ထောင်ဒဏ် သုံးလ ချမှတ်ခံရ
CBFQ စခန်းဖွင့်လှစ်ခဲ့သည့် ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်း (MNA)
CBFQ စခန်းဖွင့်လှစ်ခဲ့သည့် ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်း (MNA)

မင်းသစ္စာခိုင် — မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Base Facilities Quarantine-CBFQ စခန်း၌ စည်းကမ်းဖောက်ဖျက်ခဲ့သူတစ်ဦးကို ရေးမြို့နယ် တရားရုံးက ထောင်ဒဏ် (၃) လ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ ပြန်လာသည့်  ၃၂ နှစ်အရွယ် မျိုးနိုင်ဦး(ခေါ်) မျိုးလှိုင်ဦးဆိုသူမှာ ကျေးရွာ CBFQ စခန်း၌ နေထိုင်စဉ် ဧပြီ ၁၈ ရက်တွင် ကျောင်းပိုင်ပစ္စည်းများဖျက်ဆီးခြင်း၊ ချမှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာခြင်းတို့ကြောင့် အရေးယူခံရခြင်း ဖြစ်သည်ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က ပြောသည်။

“စခန်းမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းလည်း သူက မနေဘူး။ ထွက်ပြေးတယ်။ အိမ်ပြန်သွားတယ်။ ပြန်ခေါ်လာတာ ၂ ခေါက်လောက် ရှိတယ်။ နောက်ပိုင်း ကျောင်းက ခုံတွေကို ရိုက်ချိုးတယ်။ ရေသန့်ဘူးတွေကို ဖျက်ဆီးတယ်။ သူက တရားလွန်တာပါ။ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ခံတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရော၊ ရဲစခန်းပါ အကြောင်းကြားလိုက်တယ်။ ဥပဒေကို ချိုးဖောက်လို့ ဆိုပြီး ထောင် (၃) လ ချခံလိုက်ရတယ်” ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က ဆိုသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ယင်းကို ထောင်ဒဏ် (၃) လ ကျခံစေရန် ရေးမြို့နယ်တရားရုံးက ဧပြီ ၂၁ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကော့ဒွတ်ကျေးရွာ CBFQ တွင် ဝင်ရောက်နေထိုင်ခဲ့သူ အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၈) ဦး ပေါင်း (၁၆) ဦး မှာ ယခုအခါ သတ်မှတ်ရက်ပြည့်သဖြင့် နေအိမ်အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Covid-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ထိုင်းနိုင်ငံမှ အရေအတွက် သောင်းဂဏန်းချီသည့် ပြန်လာသူများအနက် မွန်ပြည်နယ်ကျိုက်မရောမြို့နယ်နေ (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်းသာ  ဓာတ်ခွဲအတည်ပြုလူနာ (Case-027) အဖြစ် ရောဂါပိုးတွေ့ရှိထားသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...