ရခိုင်ဒေသ အဖြစ်အပျက်များ ပြောကြားမှုအပေါ် တပ်မတော်က ခြိမ်းခြောက်နေသည်ဟု ANP ပြော

ရခိုင်ဒေသ အဖြစ်အပျက်များ ပြောကြားမှုအပေါ် တပ်မတော်က ခြိမ်းခြောက်နေသည်ဟု ANP ပြော

ရခိုင်အမျိုးသားပါတီ ANP မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့အား တပ်မတော်က ခြိမ်းခြောက် ပြောဆိုမှုများ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ANP ပါတီက ပြောသည်။

ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြား သတင်းအစီအစဉ်ပါ သတင်းထုတ်လွှင့် မှုများ နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်များအပေါ် ANP ပါတီက ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြော သည်။

“အဲဒီအထဲမှာ ကျမတို့ရဲ့ လွှတ်တော်ကိုယ် စားလှယ်ဖြစ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကို နာမည်သာမ ပါတာ တိုက်ရိုက်ညွှန်းထားတယ်။ နောက် ကျောက်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း ဝင်းကို နာမည်နဲ့တကွ စွတ်စွဲထားတာ ရှိတယ် ဆိုတော့ ကျမတို့ဖက်ကတော့ ပကတိ အဖြစ်အမှန်အတိုင်း မျက်မြင်ကိုယ်တွေ့ကိစ္စကို တင်ပြတာဖြစ် တယ်။ မဟုတ်မှန်လုပ်ကြံပြီးတော့ တင်ပြထားတာ မရှိဘူး။ အဲဒီ ယုံကြည်ချက်နဲ့ ကျမတို့အပေါ်မှာ မမှန် စွပ်စွဲ တာကို ကန့်ကွက်ပါတယ်” ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် AA အဖွဲ့က ပစ်ခတ်လာသည့် နေရာသို့သာ ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရပ်ဖက်ပစ်မှတ်များ၊ အဆောက်အဦး များ၊ ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုများ မရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထု အထင်အမြင်လွဲ မှားစေရန် မဟုတ်မမှန်ဝါဒ ဖြန့်ချိရေးသားခြင်းသာ ဖြစ်ကြောင်းနှင့် အ ဆိုပါ မဟုတ်မမှန် ဝါဖြန့်ချီမှုများကို အားပေး ဆောင်ရွက်နေသည့် လွှတ်တော် တာဝန်ရှိသူများကိုလည်း တပ်မတော်အနေဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်သို့ လိုအပ်သည်များ ဆောင်ရွက်နိုင်ရေး ဆက်လက်အကြောင်းကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။

“အဲဒီသတင်း ကြေငြာတဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေကို ကော်မရှင် ကို နောက်တစ်ဆင့်အနေနဲ့ တိုင်တန်းသွားမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ရှိတယ်လေ။ အဲဒါဟာ ဒီလို သတင်း ကြေငြာယုံသက်သက် မဟုတ်ဘူးနော်။ ဆက်ပြီးတော့ action တွေ လာအုံးမယ်လို့ တိုက်ရိုက် ကျမတို့ကို ခြိမ်း ခြောက်လိုက်ရာ ရောက်တယ်” ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဖြစ်စစ်အမှန်အား စိစစ်မှုမရှိပဲ ပြောဆိုခြင်း၊ သတင်းမှားများ ပေးပို့ခြင်းများကို ရခိုင်ပြည်နယ် ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ဝင်းကလည်း ဧပြီလ ၇ ရက်နေ့တွင် ညောင်ချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းမှ ရွာသူ၊ရွာသား များအတွက်ဟု အကြောင်းပြ၍ AA အဖွဲ့အား ထောက်ပံ့ရန် ဆန်အိတ်များ သယ်ဆောင်လာသည့် AA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အမာခံများအား ဖော်ထုတ်ဖမ်းဆီးရာတွင် သာမန်ပြည်သူလူထုကို ဖမ်းဆီးနေသည်ဟု မီဒီယာများသို့ ပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးကြေညာချက်တွင် စွပ်စွဲထားသည်။

အလားတူပင် ကျောက်တော်မြို့နယ် တင်းမကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၂၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧရာဝတီ သတင်းဌာနသို့၎င်း၊ ပြောဆိုမှုများအပါအဝင် အခြားဖြစ်စဉ်များတွင်လည်း မီဒီယာများသို့ အထင်အမြင်လွဲမှားစေမည့် ပြောဆိုမှုများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် တင်းမကျေးရွာ၏ ယခုလက်ရှိ မြေပြင် အခြေအနေအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ကြည့် ရှုရာတွင်လည်း မီးလောင်ပျက်စီးခြင်းမရှိပဲ ပုံမှန်အခြေအနေအတိုင်းသာ တွေ့မြင်ရကြောင်း၊ ပြည်သူများမှ ရွေး ချယ်ထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်သူဖက်မှ မရပ်တည်ပဲ AA ဖက်မှ ရပ် တည်ပြောဆိုလျက်ရှိသည်ကို တွေ့ရှိရပြီး တပ်မတော်၊ ပြည်သူနှင့် အစိုးရအကြား အထင် အမြင်လွဲ မှားစေရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တပ်မတော်၏ အဆိုပါ ထုတ်ပြန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဒေါ်အေးနုစိန်က “ဖြစ်ရပ်တွေကလည်း နေ့စဉ် ရက်ဆက် နာရီမိနစ်လောက်ပဲ ခြားတယ်။ ရက်မခြားဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်း တစ်ခုလုံးလိုလို ဖြစ်နေ တာပေါ့။ အထူးသဖြင့် သေကြတယ် ဒဏ်ရာရကြတယ်။ ရွာတွေ မီးရှို့ခံ ရတာ အိုးအိမ် စွန့်ခွာပြီးတော့ ထွက်ပြေး ရတယ်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရတယ်။ ညှင်းပန်းနှိပ်စက်ခြင်း ခံရတယ်။ ဒီအနေအထားတွေဟာ ကျမတို့ရဲ့ လက်ရှိ ပကတိ မြေပြင်အနေအထားမှာ ကြုံတွေ့နေရတဲ့ အနေအထား ဒီအနေအထားတွေဟာ ဘာကြောင့်လဲ ဘယ်အဖွဲ့ကြောင့်ဖြစ်လဲ ဆိုတာကိုလည်း လူတိုင်းလိုလို သိနေတဲ့ အနေအ ထား” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသည့် ပကတိ အနေအထားကိုသာ မီဒီယာ များကို ပြောဆိုခြင်းသာဖြစ်ပြီး ဖြစ်စဉ်များအား လုပ်ကြံဖန်တီးပြောဆိုထားခြင်းမျိုး မဟုတ်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲသို့ လက် နက်ကြီး ကျရောက် ပေါက်ကွဲမှု တစုံတစ်ရာမရှိပဲ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကွန်ရက်တွင် ပြောဆိုဖြန့်ချီ ရေးသားမှုများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရေးသားပြောဆိုမှုများ သာ ဖြစ်သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကျောက်ဆိပ်ကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ “ဒီနေ့မနက်မှာ ပုဏ္ဏားကျွန်းမြို့ပေါ့နော် ၅၅၀ တပ်ရင်း ကနေ ပြီး တော့ သူတို့က လက်နက်ကြီးပစ်တာ တိုက်ပွဲ ဘာမှ မရှိပါဘူး။ အဲဒီမှာလေ ရွာသားတွေ အပါအဝင် ဒီပုဏ္ဏား ကျွန်းမြို့ပေါ်ကပြောတာက ၅၅၀ တပ်ရင်းဆိုတာက ပုဏ္ဏားကျွန်းနဲ့ နီးနီးလေးပဲလေ။ အဲဒီ ၅၅၀ တပ်ရင်းက တောင်ပေါ်ကနေ ပစ်နေတာကတော့ ၂ ရက် ၃ ရက် ရှိပါပြီ ဒီနေ့မှပဲ အဲဒီရွာကိုလာကျပြီးတော့ ဒါမျိုးဖြစ်တာပါ” ဟု ဧပြီလ ၁၃ ရက်နေ့က ကျောက်ဆိပ်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်တွေမှ လူ့အခွင့်အရေး တက်ကြွ လှုပ် ရှားသူ ကိုခိုင်မျိုးထွန်းက သတင်းနှင့် မီဒီယာကွန်ရက် သို့ ပြောဆိုထားသည်။

အဆိုပါပစ်ခတ်မှုအတွင်း ဒေသခံ ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄ ဦးမှာ ပုဏ္ဏားကျွန်းဆေးရုံနှင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည့်အတွက် စုစုပေါင်း ၈ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုခိုင် မျိုးထွန်းက ဧပြီလ ၁၃ ရက်နေ့က ပြောသည်။

ရခိုင်အမျိုးသား ပါတီ ANP အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကျူးလွန်သူများကို စီစစ်အရေးယူပေးရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အား တင်ပြတောင်းဆိုထား သော်လည်း လူ့အခွင့်အရေး ကော်မရှင်ဖက်မှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုလာခြင်းမရှိဘူးဟု ဒေါ်အေးနုစိန် က ပြောသည်။

ဧပြီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအား တိုက်ပွဲ မရှိပဲ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးခြင်းဖြစ်စဉ်၊ တင်း မကျေးရွာနှင့် ညောင်ချောင်း စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ယူသူများ အဖမ်းခံရသည့် ကိစ္စများတွင် ကျူးလွန်သူများအား စီစစ်အရေးယူပေးရန် ANP ပါတီက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင် ရာ တာဝန်ရှိ အဖွဲ့အစည်းများအားလုံးအား အလေးအနက်တောင်းဆိုသည်ဟု ဆိုသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...