Covid19 ရောဂါနှင့်ပတ်သက်၍ KNU ဆောင်ရွက်နေမှုကို ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ကန့်ကွက်

Covid19 ရောဂါနှင့်ပတ်သက်၍ KNU ဆောင်ရွက်နေမှုကို ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ကန့်ကွက်

မွန်ပြည်နယ် သထုံမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး -  KNU က  သိမ်ဆိပ်-ပိန္နဲတော-လေးကေ သွားကားလမ်းမပေါ်  ဖြတ်သန်းသွားလာသူများအား Covid-19 ရောဂါနှင့်ပတ်သက်၍ အပူချိန်တိုင်းတာခြင်း၊ လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခြင်းတို့အပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  KNU ဗဟိုနှင့် ဆက်ဆံရေးရုံးများသို့ ဧပြီ ၁၇ ရက်စွဲဖြင့် ကန့်ကွက်စာတစ်စောင် ပေးပို့လိုက်သည်။

သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာတွင်   KNU  တပ်မဟာ(၁)က ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

KNU အနေဖြင့် NCA သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်စေရေး လက်အောက်ရှိ တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးနိုင်ပါရန်နှင့် အထက်ပါဆောင်ရွက်မှုအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကန့်ကွက်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အကြောင်းကြားခဲ့သည်။

ခရီးသွားပြည်သူများအနေဖြင့် Covid-19 ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရန်၊ မလိုအပ်ဘဲ ခရီးသွားမှုများကို ရှောင်ရှားရန်၊ တတ်နိုင်သမျှ မိမိနေအိမ်များတွင်သာ နေထိုင်စေပြီး လူစုလူဝေးဖြစ်ပေါ်စေနိုင်သည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုလုပ်ကြရန် အသိပေးပြောကြားထားကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ရည်ညွှန်းစာဖြင့် ချပြလာသည်ဟု ဖော်ပြပါရှိသည်။  

ဧပြီ ၁၅ ရက် နံနက် ၅ နာရီအချိန်မှစ၍ အထက်ဖော်ပြပါ ကားလမ်းမပေါ်၌ KNU တပ်မဟာ(၁) တပ်ရင်း (၂) တပ်ရင်းမှူးအဆင့်ရှိ စောချစ်သူ ဦးစီး အင်အား (၇) ဦးတို့သည် Covid-19 ရောဂါနှင့်ပတ်သက်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မဟာ(၁) နယ်မြေအတွင်း၌ ခရီးသွားပြည်သူများအား နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာခွင့်ပြုထားကြောင်း လုံနယ်၏ ကန့်ကွက်စာတွင် ဖော်ပြသည်။

အလားတူ KNU ဒူးပလာယာခရိုင်အတွင်း COVID-19 ရောဂါနှင့်ပတ်သက်ပြီး လူတိုင်းလိုက်နာဆောင်ရွက်ရမည့် အရေးပေါ်စည်းမျဉ်းစည်းကမ်းများကို ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်မှ ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပြီး စည်းကမ်းဖေါက်ဖျက်သူများကို ဒဏ်ငွေတစ်သိန်းကျပ် (သို့မဟုတ်) အချုပ်(၄၅) ရက် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်သည်ဟု ဒူးပလာခရိုင် Facebook လူမှုကွန်ယက်စာမျက်နှာတွင် အသေးစိတ်အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် တိုင်းစစ်ဌာချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီ JMC-S ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ KNU ဗဟိုနှင့် ဆက်ဆံရေးရုံးများသို့ သတိပေးကန့်ကွက်ခြင်း အကြောင်းကြားစာ ၉၅ ကြိမ်ထက်မနည်း ပေးပို့ခဲ့ကြောင်း လေ့လာသိရှိရသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...