ရခိုင်စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ရခိုင်စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA  တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

မတ်လကုန်အထိ စာရင်းများအရ ကျောက်တော်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင်ဦးရေ ၃၀,၀၀၀ ခန့် တိုးလာပြီး စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “အခုက ရိက္ခာအနေနဲ့ကတော့ လောလောလတ်လတ် တိုးလာတဲ့ ဒုက္ခသည်တွေအတွက်ဆိုရင် အစိုးရက ပုံမှန်ထောက်ပံ့ပေးနေတဲ့ လူတစ်ဦးကို ၃၀၀ နှုန်း စားနပ်ရိက္ခာအတွက်ကလည်း မရရှိကြသေးဘူး။ ဒါတွေက ကျောက်တော်၊ မင်းပြားဘက်မှာ ရှိတယ်။ တော်တော်များများ စခန်းတွေမှာက ICRC(အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ)တို့၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် )တို့က ပုံမှန် ဆန်အပါအဝင် ပဲတို့၊ ဆီတို့ ထောက်ပံ့ပေးတာ ရှိတယ်။ အခုကျတော့ Covid လည်း ဖြစ်လာတော့ အစီအစဉ်တွေ ပြောင်းလဲတာတို့ ဖြစ်လာတာပေါ့နော်၊ ဆိုတော့ တချို့ Camp တွေဆို ပုံမှန် ရိက္ခာမရောက်တာမျိုးတွေလည်း ဖြစ်လာပါတယ်” ဟု ပြောသည်။

ထို့အပြင် တပ်မတော်စစ်ကြောင်းများက ဒေသတွင်း အလှူရှင်များကို လမ်းခရီးတွင် တားဆီးပိတ်ပင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “စားသောက်မှုပိုင်းက အခုက ကျနော်တို့ ရှိသလောက်နဲ့ပေါ့လေ။ ဒီမှာဆိုရင် မြို့ပေါ်မှာတော့ တစ်အိမ်ကို ချိုင့်လေးတစ်ခုနဲ့ ထည့်ပြီး တစ်ယောက်စာဖြစ်ဖြစ်ပေါ့လေ၊ ပို့တဲ့ပုံစံမျိုးနဲ့ လုပ်ကြရတဲ့ ပုံစံလည်း ရှိတယ်။ မိသားစုတစ်စုစီကနေ စားပွဲတစ်ခုစီပေါ့လေ၊ ယူပေးပါ၊ ကူညီပေးကြပါဆိုပြီး ချိုင့်လေးတွေနဲ့ သွားပို့ပေးနေရတဲ့ အခြေအနေတွေလည်း ရှိတယ်။ အဲလိုမျိုးပေါ့၊ နိုင်တဲ့ဘက်ကနေ သွားနေရတာပေါ့”ဟု ပြောသည်။

“နောက်ပြီးတော့ ပြေးလာကြတဲ့လူတွေက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးပြီးမှ လာကြရတာမျိုး မဟုတ် တော့ အသက်လုပြီးပြေးကြရတာကိုး။ ဆိုတော့ သူတို့ လူ ၈၀၀၀ ကျော်၊ တစ်သောင်းနီးပါးကို စားသောက် ရေးကိစ္စ၊ ကျွေးဖို့ကိစ္စ။ ကျနော်တို့ ဒေသခံတွေကလည်း ကိုယ့်ရွာမှာကိုယ် နေပြီး စစ်ဘေးသင့် နေရသူတွေက ပိုပိုပြီး များလာတာပေါ့။ ဆိုတော့ ဘာမှ လုပ်ကိုင်လို့လည်း မရတော့ဘူး။ လယ်ယာ၊ ကိုင်း ကျွန်းတွေ၊ ဥယျာဉ်ခြံတွေလည်း မသွားနိုင်ကြတော့ ရွာမှာနေရင်းနဲ့ကို အကုန်လုံးက စစ်ဘေးသင့် နေကြ တော့ ဆိုတော့ စားဝတ်နေရေးက လုံးဝကို အဆင်မပြေကြတော့ဘူး။ တစ်ရွာနဲ့တစ်ရွာ၊ တစ်ယောက်ကို တစ်ယောက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ကလည်း နိုင်နိုင်နင်းနင်းမရှိကြတော့ဘူး။”

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များမှ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာနေရာများတွင် စစ်ရှောင်နေကြသည်။

စစ်တွေမြို့က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းကလည်း “အခုဖြစ်စဉ်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာ ဖြစ်တာ။ ဒါပေမယ့် ရခိုင်ပြည် တစ်ပြည် လုံးမှာက တခြား ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးရယ်၊ ကျောက်တော်ရယ်၊ မင်းပြားရယ်ပေါ့လေ။ တစ်ချို့ဆို အမ်းတောင်ရှိပါတယ်။ အဲဒီကနေပြီးတော့ လာတဲ့ စစ်ဘေးရှောင်တွေ တောင်မှ စားဝတ်နေရေးကို အရမ်းကို ရုန်းကန်နေရတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံတကာစီးပွားရေး၊ နိုင်ငံရေးအခြေအနေများအပြင် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပအလှူရှင်များ၊ ပြည်ပရောက် ရခိုင်တိုင်းရင်းသားများ၏ ကူညီထောက်ပံ့မှုများ မရရှိတော့ကြောင်း ပြောသည်။ ထို့အပြင်  ICRCနှင့် WFP တို့၏ ကူညီပံံ့ပိုးမှု အစီအစဉ်များပါ အချိန်မီ မရောက်ရှိနိုင်တော့သည့် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု စစ်ရှောင်များအား ကူညီနေကြသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“စားနပ်ရိက္ခာအခက်အခဲအပြင် အခု ကျနော်တို့ စိုးရိမ်တာက ကျနော်တို့ ရခိုင်မှာက ဧပြီကုန်တာနဲ့ မုတ်သုံက လာတော့မယ် ဆိုတော့ အခုက ကွင်းတွေမှာ မဏ္ဍပ်ထိုးပြီးမှ နေနေကြရတာကိုး။ ကျောင်းတွေမှာ ဖြစ်သလိုနေနေကြရတယ်။ ဆိုတော့ ကျောင်းတွေကလည်းဖွင့်တော့မယ်၊ မုတ်သုံကလည်း လာတော့မယ် ဆိုတော့ သူတို့အတွက် နေရာထိုင်ခင်းကလည်း အခက်အခဲဖြစ်လာတော့မယ်။ ဒါတွေက ကြီးမားတဲ့ စိန်ခေါ်မှု၊ ရင်မောစရာ ကိစ္စရပ်တွေပေါ့” ဟု ဦးဦးထွန်းဝင်းက ဆက်ပြောသည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ စခန်းရှိ ယာယီတဲများ ပြိုပျက်လာနေခြင်း၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများလည်း ရှိလာသည်ဟု REC က ဦးဇော်ဇော်ထွန်းက ပြော သည်။

လက်ရှိစခန်းများရှိ စစ်ဘေးဒုက္ခသည်များအတွက် မဆင်မပြေမှုပေါင်း မြောက်များစွာ ရှိသလို ယခုလပိုင်း အတွင်း ထပ်မံတိုးလာသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထောက်ပံ့မှုများ လုံးဝ မရှိနိုင်တော့ဟု ဆိုသည်။ ထို့ကြောင့် နီးစပ်ရာတွင် ကြုံသလို တိမ်းရှောင်နေသူများ အလွန်များပြားလာနေပြီး ယင်းတို့၏ အခက်အခဲမှာလည်း လွန်စွာစိုးရိမ်ဖွယ်ရာ ဖြစ်လာနေသည်ဟု REC က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ စစ်ရှောင်နေရသူ ဦးရေ တစ်သိန်းခွဲကျော်သွားပြီဖြစ်ပြီး စစ်ရှောင်စခန်းပြင်ပ စစ်ရှောင်နေရသူများက ပိုများနေသည်ဟု စစ်တမ်းများ ကောက်ခံထားသည့်  REC က ပြောသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...