ကိုဗစ် - ၁၉ ကာလတွင် ရှမ်းမြောက်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ တပ်မတော် ကျူးလွန်ဟု တအာင်း လူမှုအသင်းအဖွဲ့များ ပြော

ကိုဗစ် - ၁၉ ကာလတွင် ရှမ်းမြောက်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ တပ်မတော် ကျူးလွန်ဟု တအာင်း လူမှုအသင်းအဖွဲ့များ ပြော

ဗိုင်းရပ်စ် ကူးစက်မှု Covid – 19 ဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  လူ့အခွင့်အရေး ချိုးဖောက်မှုများ တပ်မတော်က ဆက်လက်ကျူးလွန်နေသည်ဟု တအာင်းလူမှုအသင်းအဖွဲ့များက ဝေဖန်ကြသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက“တစ်ကမ္ဘာလုံးမှာ တုန်လှုပ် ခြောက်ခြားနေတဲ့ Covid-19 ဖြစ်နေတဲ့ ကာလတောင်မှ ဒီလိုမျိုး တပ်မတော်တွေက လူထုအပေါ်မှာ ဦးတည် ပြီး ပစ်မှတ်ထားပြီးတော့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ပုံစံမျိုးတွေက ဆက်ရှိနေတယ်။ တော်တော်များများ မီဒီယာတွေ ကလည်းဖြစ်ဖြစ် ပြည်သူလူထုတွေဖြစ်ဖြစ် ဒီကိုဗစ်ကိုပဲ အာရုံစိုက်နေတဲ့အခါကျတော့ ဒီဖက်ကို အာရုံ မစိုက်နိုင် ဘူး။ မစိုက်နိုင်တဲ့ အချိန်မှာ အခွင့်ကောင်းယူပြီးမှ လုပ်တယ်လို့ပဲ ကျမတို့ ယူဆတာပေါ့” ဟု ပြောသည်။

'ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု'နှင့်ပတ်သက်၍ ထုတ်ပြန်ချက် တစ်စောင်ကို တအာင်း အရပ်ဖက် အဖွဲ့အစည်းများက ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ TLA တို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 TSYU  အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်းကလည်း “ကျမတို့က covid – 19 နဲ့ သူများတွေ အလုပ်ရှုပ်နေတဲ့ အချိန်မှာ နောက်ပိုင်းမှာလည်း ကျမတို့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု နေ့တိုင်း ဖြစ်နေတာကို ကျမတို့က လျစ်လျူရှုထားလို့ မရဘူးပေါ့နော်။ Case တွေကလည်း တစ်လနှစ်လမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း အများကြီးရှိတယ်။ အဲဒီလူ့အခွင့် အရေး ချိုးဖောက်မှု အများကြီးထဲက ကျမတို့က တစ်ချို့ဟာတွေက အမှုမှန်ပေါ်ပေါက်ဖို့ရယ်၊ ပြီးတော့ ဆက် လက်ပြီးတော့ သူတို့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ပေါ့နော်” ဟု ပြောသည်။

Covid – 19 ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည် ဟု လွေးလှားရှိန်းက ပြောသည်။

“အဓိက ကျမတို့ ၃ ခု case ထည့်ထားတယ်။ တစ်ခုကတော့ ဒီမိုးမိတ် မန်တုံဖက်မှာ သူတို့ ကျေးရွာ ဥက္ကဋ္ဌကို ခေါ်သွားပြီးတော့ သတ်ပစ်တဲ့ဟာတစ်ခုရယ်၊ နောက်တစ်ခုက လက်ရှိ မိုးမိတ်မှာ သူတို့ ထိန်းသိမ်းခံရတဲ့ ရွာသား ၇ ဦးကိစ္စရယ်၊ နောက်တစ်ခုကတော့ သူတို့ ကွတ်ခိုင် ဖက်မှာ သူတို့ ထိန်းသိမ်းထား တဲ့ ရွာသား ၁၀ ဦးရယ်၊ ကွတ်ခိုင်မှာတော့ သူတို့ လွှတ်လိုက်တယ်။ ဒါပေမယ့် မိုးမိတ်မှာတော့ အခုထက်ထိ မိဘတွေနဲ့ တွေ့ ခွင့်မရှိဘူး။ ပြီးလို့ရှိရင် သူတို့က စစ်ဆေးတယ်။ ရိုက်တယ်။ အဲလိုမျိုး အခုထက်ထိပဲ။ သူတို့က ဘယ်သူမှလည်း ပေးမတွေ့ဘူး။ အဲဒီဆုံးသွားတဲ့ ရွာဥက္ကဋ္ဌ ကလည်း သတင်း အချက်အလက်တွေ ပေါက်ကြား မှာကြောက်လို့ ဆိုပြီးတော့ ဒီလျော်ကြေးတွေ သိန်းသုံးဆယ် ပေးတဲ့ဟာမျိုး တွေပေါ့နော်” ဟု ပြောသည်။

လွေးချိဆငါးကလည်း “ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ မိုးမိတ်ဖက်မှာ ဆိုရင် သူကလုံးဝကို အမှောင်ချတဲ့ သဘော ဖြစ်နေတယ်။ တစ်ရွာလုံးက ခံရတယ် ။ ဖုန်းတွေ ဆက်သွယ်လို့ မရအောင်ဆိုပြီးတော့ ဖျက်ဆီးတဲ့ အနေအထား ရှိတယ်။ တစ်ရွာလုံးနီးပါးခံနေရတယ်။ မိန်းကလေးကအစ ကလေးတွေကအဆုံး အကုန်လုံး အဲလိုမျိုး။ အမျိုး သားတွေဆိုရင်တော့ တစ်ယောက်မကျန် အားလုံးနီးပါးက ရိုက်ခံရတဲ့ အခါကျတော့ လူဦးရေကတော့ နည်း နည်းပြောရခက်တယ်။ ရာချီတော့ ပြောလို့ရတာပေါ့နော် တစ်ရွာမှာ တစ်ရွာမှာဆိုရင် လူဦးရေက ရာချီရှိတာကိုး ဆိုတော့ ရာချီရှိတယ်လို့ပြောလို့ရတယ်” ဟု ပြောသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သဘောထားများကို အသေးစိတ်သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် covid -19 နှင့် ပတ်သက်၍ ဒေသ ခံပြည်သူများအား အမြင်ဖွင့် အသိပညာပေးမှုများ သွားရောက်လုပ်ဆောင်ရန်အတွက် အဟန့်အတားနှင့် စိုးရိမ် မှုများကို ဖြစ်စေသည်ဟု ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တအာင်းအရပ်ဖက် အဖွဲ့အစည်းများ က တောင်းဆိုသည်။

Covid – 19 ဖြစ်ပွားမှုကို ကာကွယ်တားဆီးရန် အစိုးရ တာဝန်ရှိသူများက အားသွန်ခွန်စိုက် လုပ်ဆောင်နေ သကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း မျက်ခြေမ ပြတ် စောင့်ကြည့်ပေးရန်နှင့် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားမျှတမှု ရရှိသည်အထိ ကူညီလုပ်ဆောင်ပေးရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...