သတင်းသမားဖြစ်ရတာ အန္တရာယ်ရှိနေပြီလား

သတင်းသမားဖြစ်ရတာ အန္တရာယ်ရှိနေပြီလား

နယ်သတင်းဌာနတွေဟာ တော်တော်လေးရုန်းကန်ရပါတယ်။ သတင်းထောက်တွေရဲ့ ပုံမှန်ရပ်တည်ဖို့စားဝတ်နေရေး ငွေကြေးဆိုတာလည်း အတိုင်းအတာတစ်ခုထိကို ဘယ်လိုမှ ပြေလည်မှုမရှိကြပါဘူး။ ဒါပေမယ့်လည်း ဝမ်းရေးထက် ဝါသနာနဲ့ယုံကြည်ရာအတွက် လုပ်ကိုင်နေကြတဲ့သူတွေပါ။

တစ်ချို့ဆိုရင်လည်း သတင်းအတတ်ပညာနဲ့ပတ်သက်ပြီး လုပ်ရင်းကိုင်ရင်းလေ့လာရင်း လက်ဆင့်ကမ်း ကြိုးစားအားထုတ်လာကြတာပါ။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ရဲ့ပညာရေးစနစ်က သတင်းအတတ်ပညာကို တန်ဖိုးထားရကောင်းမှန်းမသင်ခဲ့သလို ကြီးလာရင် သတင်းထောက်လုပ်မယ်ဆိုပြီးတော့လည်း ဘယ်ကလေးငယ်မှ ကြိုမတွေးခဲ့ကြပါဘူး။ ကျွန်တော်တို့ခေတ်မှာပါ။

ယနေ့လိုခေတ်မျိုးမှာ အင်တာနက်နည်းပညာ ကျယ်ပြန့်လာသလို နယ်ဒေသမှာရှိတဲ့ သတင်းပညာကို စိတ်ဝင်စားတဲ့ လူငယ်လူလတ်တွေဟာလည်း ဒေသတွင်းမီဒီယာမှာ လုပ်ကိုင်ကြသလို ပြည်မမီဒီယာတွေမှာလည်း လုပ်ကိုင်လာကြပါတယ်။

သတင်းလုပ်ငန်းနယ်ပယ်အရ ဒေသသတင်းတွေ ဖော်ပြတဲ့ ဒေသအခြေစိုက်မီဒီယာ၊ နိုင်ငံတစ်ခုလုံးက သတင်းတွေဖော်ပြတဲ့ ပြည်မမီဒီယာ၊ ကမ္ဘာကစိတ်ဝင်စားလောက်တဲ့ နိုင်ငံရဲ့သတင်းတွေကို ဖော်ပြခွင့်ရရှိစေဖို့ကြိုးစားနေကြတဲ့ နိုင်ငံတကာမီဒီယာတွေ အစရှိတဲ့ ပုံစံမျိုးစုံကွဲနေကြပေမယ့် သတင်းသမားတွေကတော့ သတင်းအလုပ်ကို ယုံကြည်ချစ်မြတ်နိုးလို့ပဲ လုပ်ကိုင်နေကြတာပါ။

တကယ်တမ်းဆို ရတဲ့လစာနဲ့ ဖိနင်းခံထားရတဲ့ စိန်ခေါ်မှုက အမှန်တကယ်ကို ဖိအားများလှပါတယ်။ ဒီမိုကရေစီအလေ့အထရင့်ကျက်တဲ့ နိုင်ငံတွေလိုမျိုးမှာတောင် သတင်းသမားတွေဟာ နေ့စဉ်နဲ့အမျှ လုပ်ငန်းမဆန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံမှာလုပ်ကိုင်နေကြရတဲ့ နယ်သတင်းသမားတွေက ပိုပြီး စိန်ခေါ်မှု နက်ရှိုင်းမှုအတိမ်အနက်ကို ဒီမိုကရေစီသက်တမ်း ဆယ်နှစ်သာရှိတဲ့ အခြေအနေနဲ့တိုင်းတာရင် ခန့်မှန်းနိုင်ပါတယ်။

ခေတ်သစ်ကမ္ဘာရဲ့ဆယ်စုနှစ် ကနဦးဖြစ်တဲ့ လက်ရှိရာစုမှာ ၂၀၁၀ ကနေ ၂၀၁၉ အထိ သတင်းသမားပေါင်း၊ သတင်းအလုပ်လုပ်ကိုင်းရင်း ၉၄၁ ဦးတောင် သေဆုံးခဲ့ကြရပါပြီဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း သတင်းသမားတွေဟာ နေ့စဉ်နဲ့အမျှ ဖမ်းဆီးသတ်ဖြတ်ခံနေကြရဆဲပါ။

မကြာသေးခင်းက သတင်းသမားတွေကို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Reporters Without Borders ရဲ့ ၂၀၁၉ မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် ထိန်းသိမ်းခံရသူ ၃၈၉ ဦး ပြန်ပေးဆွဲခံရသူ ၅၇ ဦး သေဆုံးသူ ၄၉ ဦးရှိခဲ့တယ်လို့အစီရင်ခံစာအရ သိရှိရပါတယ်။

သတင်းလုပ်ငန်းလုပ်ကိုင်းရင်း သေဆုံးသူ ၄၉ ဦးကို အသေးစိတ်ပြန်ပြီးရှင်းလင်းရမယ်ဆိုရင် ပရိုဖက်ရှင်နယ် သတင်းသမားက ၃၆ ဦး၊ သတင်းလုပ်ငန်းကို စိတ်ဝင်စားသူက ၁၀ ဦးနဲ့သတင်းမီဒီယာ လုပ်သား ၃ ဦးပါ။ သတင်းလုပ်ငန်းကိုလုပ်ကိုင်ရင်း သေဆုံးခဲ့ရတယ်ဆိုပေမယ့် စစ်မြေပြင်ထဲမှာ အမှန်တကယ်သေဆုံးရသူက ၂၀ ပါ။ ကျန်တဲ့ ၂၉ ဦးက စစ်မြေပြင်ထဲမှာမဟုတ်ဘဲ တခြားပြင်ပမှာ သတ်ဖြတ်ခံကြရတာပါ။ သေဆုံးသူတွေရဲ့အချက်လက်တွေမှာ စိတ်ဝင်စားဖို့ကောင်းတာက အကုန်လုံးဟာ ဌာနေဒေသခံသတင်းသမားတွေ ဖြစ်နေကြတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း သတင်းသမားတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေက ရှိနေခဲ့ပါတယ်။

အမှာင်ခေတ်လို့တင်စားကြတဲ့ခုနှစ်တွေဖြစ်ကြတဲ့ ၁၉၉၂ ကနေစပြီးရေတွက်ကြည့်မယ်ဆိုရင် ဒီမိုကရေစီခေတ် ၂၀၁၉ အထိ ဖမ်းဆီးခံရတဲ့သတင်းသမားပေါင်း မြန်မာနိုင်ငံမှာ ၂၂၈ ဦးထိရှိခဲ့တယ်ဆိုတာကို CPJ (Committee to Protect Journalists) က ထုတ်လွှင့်ထားတဲ့ စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းသမား သတင်းအချက်လက်တွေအရ သိရှိနိုင်ပါတယ်။ ခုနှစ်တစ်ခုချင်းစီးအလိုက် ဖမ်းဆီးခံရတဲ့ သတင်းသမားတွေရဲ့ အမည်နဲ့သတင်းဌာနတွေကို သိရှိနိုင်ပါတယ်။

သတ်ဖြတ်ခံရတဲ့ သတင်းသမားဟာလည်း မြန်မာနိုင်ငံမှာ ၁၉၉၂ ကနေ ၂၀၁၆ အထိ သေဆုံးသူ ၅ ဦးရှိခဲ့တယ်လို့ အစီရင်ခံစာအရ သိရှိရပါတယ်။

၂၀၁၆ မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းသမား ကိုစိုးမိုးထွန်းရဲ့အမှုဆိုရင်လည်း ယနေ့အချိန်ထိ သတ်ဖြတ်တဲ့ တရားခံတွေကို ဖမ်းဆီးရရှိပြီဆိုတာကို မသိရှိရသေးပါ။

ဒီလို ကိန်းဂဏန်းတွေက သတင်းသမားတွေရဲ့ လုပ်ငန်းခွင်နဲ့လုပ်ငန်းခွင်နောက်ဆက်တွဲ အန္တရာယ်တွေကို မှန်းဆလို့ ရနိုင်စေပါတယ်။

ဒီရက်ပိုင်းထဲမှာ မြန်မာနိုင်ငံမှာ သတင်းသမားတစ်ချို့ ဖမ်းဆီးမခံရခင် တရားဝင်ရပ်တည်နေတဲ့ သတင်းစာမျက်နှာတွေကို ပြည်သူတွေဖတ်ရှုလို့ မရအောင် ပိတ်ပင်ခံရပါတယ်။ အထူးသဖြင့် ပိတ်ပင်ခံရတဲ့ သတင်းဌာနအများစုဟာ ဒေသသတင်းတွေကို ဦးစားပေး ဖော်ပြနေကြတဲ့ သတင်းဌာနတွေပါ။

သတင်းဌာနတွေ အပိတ်ခံရပြီး သိပ်မကြာခင်မှာပဲ မန္တလေးအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို ဖမ်းဆီးခံရပြီး သတင်းသမားတစ်ဦးအနေနဲ့ဆက်သွယ်ဖော်ပြထားတဲ့ အင်တာဗျူးကိုအကြောင်းပြုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ပြီး စစ်ဆေးမေးမြန်း ထိမ်းသိမ်းခြင်းကို ခံနေရပါတယ်။

နောက်ထပ် အပိတ်ခံရတဲ့ သတင်းစာမျက်နှာတစ်ခုဖြစ်တဲ့ ရခိုင်အခြေစိုက် ဆယ်စုနှစ်သက်တမ်း နှစ်ခုနီးပါးရှိပြီးဖြစ်တဲ့ နိရဉ္စရာသတင်းဌာနက အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော် နဲ့ တာဝန်ရှိသူတွေကိုလည်း သတင်းဖော်ပြချက်တစ်ခုနဲ့ပဲ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားသလို သတင်းထောက်တွေလည်း စုံစမ်းမေးမြန်းခြင်းကို ခံနေရတယ်လို့သိရပါတယ်။

အလားတူ ရန်ကုန်ခေတ်သစ်မီဒီယာက သာလွန်ဇောင်းထက်ရဲ့နေအိမ်ကိုလည်း မတ်လ ၃၁ ရက်နေ့၊ ညနေ ပိုင်းက ရဲ၊ CID တို့ရောက်ရှိလာပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထပ်ဆင့်ပြီး ပြောရရင် နောက်ထပ် သတင်းစာမျက်နှာအပိတ်ခံထားရတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG) သတင်းဌာနက အယ်ဒီတာချုပ်ဆိုရင်လည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/ ၂ နဲ့အမှုဖွင့်ခံထားရပြီး အရေးယူခံနေရတာကြောင့် လုပ်ငန်းခွင်ကို ပိုမိုတိုးချဲ့ဖို့ အခွင့်မသာဘဲ ရှောင်တိမ်းနေရပါတယ်။

ရခိုင်သတင်းဌာနနှစ်ခုဖြစ်တဲ့ DMG နဲ့ နိရဉ္စရာသတင်းဌာနဟာဆိုရင် ရခိုင်ဒေသမှာဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးသတင်းနဲ့စီးပွားရေး၊ လှုမှုရေးသတင်းတွေကို နေ့စဉ်နဲ့အမျှဖော်ပြဖို့ ကြိုးစားနေကြတဲ့ သတင်းဌာနတွေဖြစ်ပါတယ်။

ခုလို ဖမ်းဆီးခံနေရတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းသမားအလုပ်ဟာ အန္တရာယ်များသလားဆိုတာ မေးခွန်းဖြစ်လာပါပြီ။

သတင်းသမားကို လင်ယောကျ်ားတော်ထားရတဲ့ အိမ်သူအမျိုးသမီးဟာ ဘယ်အချိန် ညနက်သန်းခေါင်မှာ အိမ်တံခါးကို သူစိမ်းတွေ လာခေါက်မလဲ စိုးရိမ်နေရပါပြီ။

သတင်းသမားကို သားတော်ထားတဲ့ အမေဟာ နေရီမိုးချုပ်လို့ သားဖြစ်သူပြန်မလာသေးဘူးဆိုရင် သက်ပြင်းတွေချိတ်ဆွဲပြီး ပူပန်မှုတွေကို မျက်နှာပြင်မှာ မြင်တွေ့နေရမှာဆိုတာ သေချာပါတယ်။

သတင်းရပ်ဝန်းလုပ်ငန်းခွင်ဟာ ထောင်နှုတ်ခမ်းကပ်နေတဲ့ ရာဇဝတ်မှု နယ်ပယ်မဟုတ်ပါ။ ဒါပေမယ့်လည်း ပြည်သူ့နားမျက်စိလို့ ခံယူထားကြတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သတင်းသမားတွေကတော့ အကျဉ်းထောင်ထဲကို နှစ်တိုင်းလိုလို ဝင်နေကြရတာကို တွေ့နေရပါတယ်။

သတင်းသမားတွေ ဘေးကင်းကြပါစေ။

<><><>

April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...