အရက် ဘီယာဆိုင်အားလုံး သင်္ကြန်တွင်း ပိတ်ရန်၊ ခိုးရောင်းလျှင် ထောင်ဒဏ် ချက်ချင်း ချမှတ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

အရက် ဘီယာဆိုင်အားလုံး သင်္ကြန်တွင်း ပိတ်ရန်၊ ခိုးရောင်းလျှင် ထောင်ဒဏ် ချက်ချင်း ချမှတ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

ရန်လင်းအောင် — အရက်ဆိုင်နှင့် ဘီယာဆိုင်များအားလုံး သင်္ကြန်ကာလအတွင်း ၁၀ ရက်တာ ပိတ်သိမ်းရမည်ဖြစ်ပြီး ခိုးရောင်းသူနှင့် အရက်ပုန်းဆိုင်များကို သဘာဝဘေးအန္တရာယ် ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ထောင်ဒဏ် ချက်ချင်း ချမှတ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၆ တွင် ပြောကြားလိုက်သည်။

“ဘီယာနဲ့အရက် လိုင်စင်ထုတ်ပေးထားတဲ့ ဆိုင်တွေအကုန်လုံး သင်္ကြန်အတောအတွင်းမှာ(ဧပြီ) ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပိတ်သိမ်းမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ “ခိုးရောင်းတဲ့လူတွေ အရက်ပုန်းဆိုင်တွေ ပိတ်ရင်ပိတ်၊ မပိတ်ရင်ကြီးလေးတဲ့ ဒဏ်ငွေချမယ်။ ဖမ်းလည်းဖမ်းမယ်၊ အရက်ပုန်းက ပြစ်ဒဏ်သေးသေးလေး၊  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ စွဲမှာ ။ ၃၀(က) နဲ့ဆိုရင် ထောင်ဒဏ် ၁ နှစ်ပဲ။ ဒီနေ့တင်ရင် ဒီနေ့ ရုံးချိန်း၊ ဒီနေ့ အမိန့်ချမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယင်းအပြင် လက်ရှိဖြစ်ပေါ်နေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid 19 ကြောင့်  သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ်ဖြင့် ရေပက်ခြင်းတို့ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်  ဧပြီ ၆ ရက်နေ့စာရင်းအရ  Covid 19 ပိုးတွေ့ရှိသူ ၂၂ ဦး၊ သံသယစောင့်ကြည့်လူနာ ၇၄၆ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့သော်လည်း မွန်ပြည်နယ်မှသံသယလူနာများနှင့် စောင့်ကြည့်သူများ၌ ရောဂါပိုးလုံးဝမတွေ့ရှိသေးကြောင်း သတင်းရရှိသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...