ထိုင်းပြန် ထပ်တိုးများ မော်လမြိုင်တက္ကသိုလ် အဆောင်တွင် သီးသန့်ထား စောင့်ကြည့်မည်

ထိုင်းပြန် ထပ်တိုးများ မော်လမြိုင်တက္ကသိုလ် အဆောင်တွင် သီးသန့်ထား စောင့်ကြည့်မည်

ထိုင်းနိုင်ငံမှ ထပ်မံဝင်ရောက်လာသူ ဦးရေ ၄၅၀ နီးပါးကို မော်လမြိုင်တက္ကသိုလ် အဆောင်နေရာတွင်  သီးသန့် ထားကာ ၁၄ ရက်ကြာ စောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“လက်ခံဖို့အတွက်ကို (ပြည်ထောင်စု အစိုးရအဖွဲ့က) ညွှန်ကြားလာတယ်။ ညွှန်ကြားလာတဲ့အတွက် ဒီမှာ စီစဉ်ပေးတယ်။ ကရင်ကလည်း လက်ခံထားတာရှိတယ်။ ဟိုမှာက များသွားတဲ့အတွက် ဒီဘက်ထိ လက်ခံပေးတာပါ။ တစ်နိုင်ငံလုံးအတွက် ကောင်းဖို့အတွက် ရည်ရွယ် ဆုံးဖြတ်ပြီး ဆောင်ရွက်တာဖြစ်တယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောသည်။

မြန်မာနိုင်ငံ နေရာဒေသအသီးသီးက ထိုင်းပြန် အမျိုးသမီး ၁၃၂ ဦး၊ အမျိုးသား ၃၁၅ ဦး ပေါင်း ၄၄၇ ဦးတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၃၁ ရက်တွင် ထိုင်းနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့သို့  သွားရောက်ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးကာ ယခုလို စီစဉ်နေရာချထားပေးခဲ့သည်။

ထိုင်းပြန် မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ် ဘားအံမြို့ တွင်လည်း နေရာ စီစဉ်ထားပေးပြီး လူဦးရေများလွန်းလှသည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ထားရှိရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးက ပြောသည်။

၎င်းတို့အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ စားရေးသောက်ရေးကို မွန်ပြည်နယ်အစိုးရအဖွဲ့ကသာ တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးထားသည်ဟုလည်း ၎င်း က ဆက်ပြောသည်။ ကျန်းမာရေးစစ်ဆေးမှု နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ရောဂါလက္ခဏာပြသသူများကို သံသယ လူနာအဖြစ် ဆေးရုံတွင် သီးခြားခွဲ စောင့်ကြည့်မှု လုပ်ဆောင်သွားရန် စီစဉ် ထားသည်ဟု ဆိုသည်။

စောင့်ကြည့်ရမည့် လူဦးရေများပြားလာသည့်အတွက် တကိုယ်ရေ ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက်ရှိလာသကဲ့သို့ စေတနာ့ ဝန်ထမ်းများလည်း လိုအပ်နေသည်ဟု မော်လမြိုင်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ က ပြောသည်။

မော်လမြိုင်တက္ကသိုလ်အဆောင်တွင် ပြည်ပမှ ပြန်လာသူ တစ်ထောင်ခန့် သီးသန့်ထား စောင့်ကြည့်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။

လက်ရှိတွင် မွန်ပြည်နယ်တစ်ခုလုံး၌ Facility Quarantine စီစဉ်ဆောင်ရွက်ထားသည့် နေရာ ၃၅၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ဦးကျော်ကို စောင့်ကြည့်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...