နယ်စပ်ပြန်ဖွင့်သော်လည်း မြန်မာခရီးသည်များဘင်္ဂလာဒေ့ရှ်သို့ဝင်ခွင့်မရ

နယ်စပ်ပြန်ဖွင့်သော်လည်း မြန်မာခရီးသည်များဘင်္ဂလာဒေ့ရှ်သို့ဝင်ခွင့်မရ
by -
နိရဥ္စရာ
အောက်တိုဘာ ၉ ရက်နေ့ မောင်တောမြို့နယ် နယ်ခြားစောင့် စခန်းများအား အကြမ်းဖက် တိုက်ခိုက် ခံရပြီးနောက်ပိုင်းကတည်းက ပိတ်ထားခဲ့ရသော မြန်မာ- ဘင်္ဂလာ နယ်စပ်ကို ယခုလ ၁၂ ရက် ပြည်ထောင်စုနေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာခရီးသည်များကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက သူတို့နို်င်ငံ အတွင်းသို့ ၀င်ခွင့်မပေးသေးကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေ့ရှ််သို့ ခရီးသွား ပတ်စ်ပို့ ဖြင့် သွားရောက်ရန် စက်လှေပေါ်တက်ပြီးမှ ပြန်လာရသူ ဒေါ်ကြည်ကြည်မေက “ ကျွန်မ အပါအဝင် စုစုပေါင်း ၁၄ဦး၊ ဘုတ်သမား ၃ ဦး ဒီလ ၁၄ ရက်နေ့က ဘင်္ဂလာဒေ့ရှ်ကို သွားဖို့ ပတ်စ်ပို့လည်း လုပ်ပြီးပြီ။ စာရွက်စာတန်းနဲက လိိုအပ်တွေတဲ့ ငွေကြေးသွင်းပြီး သွားမယ်ဆိုပြီး စက်လှေပေါ်ကို တက်တယ်။ ဒါပေမယ့် ၂ နာရီလောက် စက်လှေပေါ်မှာ ထိုင်နေခဲ့ရပြီး သွားခွင့် မရခဲ့ပါဘူး။ ဘင်္ဂလာဒေ့ရှ်ဘက်က ၀င်ခွင့် မပြုဘူးလို့ ဖုန်းလာတဲ့အတွက် သွားခွင့် မရခဲ့ပါ” ဟု သူမက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း တစ်ကြိမ် မောင်တောမြို့ ၀င်/ထွက်ဂိတ် ဆိပ်ကမ်းသို့ သွားရောက်ခဲ့သော်လည်း သွားလာခွင့်မရသဖြင့် အိမ်ပြန်လာခဲ့ရသည်ဟု ဒေါ်ကြည်ကြည်မေက ပြောကြားသည်။

“ ကျွန်မတို့ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အကျေအလည် ဆွေးနွေးပြီး သဘောတူညီမှုရမှသာ သွားလာခွင့်ရပြီလို့ ကျေညာသင့်တယ်။ အခုက ဟိုဘက်က လက်မခံသေးဘူး။ ဒီဘက်က သွားလာလို့ ရပြီလို့ ပြောတော့ ကျွန်မတို့အနေနဲ့ ပစ္စည်းတွေဝယ်ထားတာ အလကား ဖြစ်ကုန်တယ်။ တစ်ဘက်မှာလည်း အချိန်တွေကုန်ပြီး ပင်ပန်းပါတယ်” ဟု ဒေါ်ကြည်ကြည်မေက ပြောသည်။

မောင်တောမြို့နယ် ကုန်သည်ကြီး အသင်း ဥက္ကဋ္ဌအား ဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက နယ်စပ်သွားလာခွင့်ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများထံသို့လည်း စာပို့ထားပြီ ဖြစ်ကြောင်း၊ မကြာမီ ယခင်ကလို ပုံမှန်ဖြစ်လာတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။

ဘင်္ဂလာဒေ့ရှ်မှ မြန်မာဘက်မှ ခရီးသည်များကို အဝင်မခံခြင်းမှာ ဘင်္ဂလာဘက်က အဆင်မပြေသေးသလို ၎င်းတို့နိုင်ငံ၏ အထက်အရာရှိများထံမှ ခွင့်ပြုမိန့် မရောက်သေး၍ ဖြစ်သည်ဟု သိရသည်။

မောင်တော ၀င်ထွက်ဂိတ်သည် ဘင်္ဂလာဒေ့ရှ်နှင့် ကုန်သွယ်ရာအဓိက ကုန်သွယ်ရေး ဂိတ်ဖြစ်သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...