ထိုင်းမှပြန်လာသူများအတွက် သက်ဆိုင်ရာကျေးရွာများတွင် Facility Quarantine Center ယာယီဖွင့်လှစ်စောင့်ရှောက်ထား

ထိုင်းမှပြန်လာသူများအတွက် သက်ဆိုင်ရာကျေးရွာများတွင် Facility Quarantine Center ယာယီဖွင့်လှစ်စောင့်ရှောက်ထား
Photo- Facility Quarantine Center ယာယီဖွင့်လှစ်စောင့်ရှောက်ထားသော ပငကျေးရွာ အထက်တန်းကျောင်း ( Ko Htoo Htoo UC )
Photo- Facility Quarantine Center ယာယီဖွင့်လှစ်စောင့်ရှောက်ထားသော ပငကျေးရွာ အထက်တန်းကျောင်း ( Ko Htoo Htoo UC )

ဝံသမွန်  - လက်ရှိဖြစ်ပေါ်နေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID -19 Coronavirus ကူးစက်မှုကာကွယ်နိုင်ရန် မွန်ပြည်နယ်သို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိသူများအတွက် သက်ဆိုင်ရာကျေးရွာများရှိ စာသင်ကျောင်းများ၌ Facility Quarantine Center ယာယီဖွင့်လှစ်စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့နယ် ပင ကျေးရွာ၌ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရွာသားများ ၁၄ ရက်ကြာ ယာယီနေထိုင်ရန်အတွက် ယနေ့မှစ၍ အထက်တန်းကျောင်းတွင် ယာယီ စောင့်ရှောက်ရေးစခန်းဖွင့်လှစ်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးသန်းထွန်းက “ ကျွန်တော်တို့က အထက်ကအမိန့်အတိုင်းပေါ့နော်၊ ဒီကနေ့ကျွန်တော်တို့ ဒီအထက်တန်းကျောင်းကို အသုံးပြုထားတယ်၊ လက်ရှိ အချိန်မှာတော့ အမျိုးသား ၃၄ ဦး အမျိုးသမီး  ၅၂ ဦးရှိတယ်၊ ဒီလူတွေရဲ့ကျန်းမာရေးကို စိစစ်၊ ကြီးကြပ်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ၈ ဦးချပေးထားတယ်” ဟု ဆိုသည်။

ရွာတွင် ထိုင်းနိုင်ငံမှပြန်လည်ရောက်လာသူများအပေါ် စိုးရိမ်ပူပန်မှုရှိနေသည့်အတွက် ကျေးရွာပရဟိတအဖွဲ့၊ လူငယ်အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အဆိုပါယာယီစခန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ မတ်လ ၁၃ ရက်နေ့ ကြေညာချက်အမှတ် ၁/ ၂၀၂၀ တွင်ပါရှိသည့်အတိုင်း ပွဲလမ်းသဘင်များ၊ လူစုလူဝေးဖြစ်စေသည့် လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စများအားလုံးကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။

သို့ရာတွင် မွန်ပြည်နယ်အတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်ပနိုင်ငံမှ နေရပ်ပြန်လာသူများ နေထိုင်ရန်အတွက် ယာယီစခန်းများဖွင့်လှစ်ထားရှိသော်လည်း ကြပ်မတ်ဆောင်ရွက်ပုံ အားနည်းနေသေးကြောင်း သံဖြူဇရပ်မြို့ခံ ကိုမင်းမင်းလတ်က သုံးသပ်ပြောဆိုသည်။

“သံဖြူဇရပ်မြို့နယ်မှာက နိုင်ငံခြားကဝင်လာတဲ့ သူတွေက အများကြီး၊ လူတွေပြန်ရောက်တော့ ဟိုဒီလျှောက်သွားနေတယ်၊ သက်ဆိုင်ရာဌာနက ညွှန်ကြားထားတဲ့အတိုင်း သူတို့မလိုက်နာကြဘူး၊ အခုမှ ဒီလိုမျိုး Quarantine ထလုပ်တယ်ဆိုတော့ မကောင်းတာမဟုတ်ဘူး ကောင်းတော့ကောင်းတယ်၊ ဒါပေမယ့် နည်းနည်းနောက်ကျနေသလို၊ ကြပ်မတ်ဆောင်ရွက်မှုအပိုင်းလည်း အားနည်းနေသေးတယ်၊ ကျွန်တော်မြင်မိတယ်ပေါ့နော်” ဟု ကိုမင်းမင်းလတ်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်သို့ ပြည်ပမှပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၁၃,၀၀၀ ကျော်ရှိကြောင်း သတင်းမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် Coronavirus ပိုးကူးစက်ထားသူ  ၄ ယောက် ထပ်မံတေ့ွရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ရး ၃၀ နာရီ သတင်းထုတ်ပြန်ချက်အရ လက်ရှိ ရောဂါပိုးကူးနေသူ စုစုပေါင်း ၁၄ ယောက်ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါလူနာအများစုမှာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သတင်းရရှိသည်။

တဖက်တွင်လည်း အမေရိကန်ပြည်ထောင်စု၌ မတ် ၂၉ ရက်တစ်ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူသစ် ၅၁၈ ဦးရှိခဲ့ကြောင်း၊ စုစုပေါင်းသေဆုံးသူ ၂၄၀၉ ဦးရှိနေပြီဖြစ်ကြောင်း၊ မတ် ၂၉ ရက် တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူလူသစ် ၂၁,၃၃၃ ဦးရှိခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၌ လက်ရှိ COVID-19 ကူးစက်ခံထားရသူ ၁၃၆,၈၈၀ ဦးရှိနေသောကြောင့် အီတလီ၊ တရုတ်နှင့် စပိန်နိုင်ငံတို့ထက် ဦးရေပိုများနေသည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...