မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ Covid-19 ကာကွယ်မှုအစီအစဉ် ဆောင်ရွက်ရန် ခရိုင်အသီးသီးသို့ ညွန်ကြား

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ Covid-19 ကာကွယ်မှုအစီအစဉ် ဆောင်ရွက်ရန် ခရိုင်အသီးသီးသို့ ညွန်ကြား

မင်းသစ္စာခိုင် — မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ် Covid-19  ကာကွယ်မှုအစီအစဉ်များ ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ကျန်းမာရေးဌာနအသီးသီးထံ မွန်ပြည်သစ်ပါတီက မတ်လ ၂၅ ရက်စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ပေးပို့လိုက်သည်။

ပြည်သူလူထုကို ကပ်ရောဂါ မကူးစက်နိုင်စေရန် ကိုရိုနာနှင့်ပတ်သက်သော ပညာပေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ရေး ညွှန်ကြားထားကြောင်း နိုင်သူရဌေးက ပြောသည်။

“ဒီ ကပ်ရောဂါအပေါ်မှာ အလေးထားစေချင်တယ်။ တိုးတက်နေတဲ့နိုင်ငံကြီးတွေမှာတောင် အများကြီးစိုးရိမ်နေကြတယ်။ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်မှုကလည်း အားနည်းနေတော့ ဖြစ်လာပြီဆိုရင် မတားဆီးနိုင်မှာကို စိုးရိမ်လို့ပါ။ မဖြစ်ပွားခင် ကာကွယ်မှုကို ဂရုစိုက်စေချင်တယ်” ဟု နိုင်သူရဌေးက ဆိုသည်။

လက်ရှိတွင် သံသယလူနာ ခေတ္တလက်ခံထားရန် ရေးချောင်းဖျားဒေသရှိ ပနန်းပုံနှင့် ဝယ်ဇင်ဆေးရုံတို့ကို ယာယီပြင်ဆင်ထားကြောင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) ထံမှ သိရသည်။

“လက်ရှိမှာတော့ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားတယ်။ နောက်ပြီး သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားတယ်။ ရောဂါကာကွယ်ရေးအတွက် ပညာပေး လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ လူစုပြီး ဟောပြောတာမဟုတ်ဘူး။ ဗီနိုင်းတို့ ပန်းဖလက်တို့ ဖြန့်ဝေသွားဖို့ရှိတယ်။ တချို့ကျေးရွာတွေကို ကျွန်တော်တို့ ရွာလှည့်ပြီး ဆော်ဩသွားဖို့ ရှိတယ်” ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီမှ ဒု-တာဝန်ခံ နိုင်စိုက်ရော့က ပြောသည်။

လက်ရှိအနေအထားအထိ ကုသရေးနှင့်ပတ်သက်သော ဆက်စပ်ကိရိယာများ အားနည်းခြင်းကြောင့် သံသယလူနာတွေ့ရှိပါက အစိုးရကျန်းမာရေးဌာနနှင့် ချိတ်ဆက်ကုသသွားရန် ညှိနှိုင်းထားကြောင်း သူကဆက်ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦးစီ ဖိတ်ခေါ်ပြီး ပါတီ ထိန်းချုပ်နယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အစီအစဉ်ရေးဆွဲလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် အလုပ်အမှုဆောင် နိုင်မွန်ချမ်းတိန်းက ဆိုသည်။

နိုင်မွန်ချမ်းတိန်းက “နိုင်ငံခြားက ပြန်လာတဲ့သူတွေကို (၁၄) ရက် ထားဖို့ကိစ္စကို ကျွန်တော်တို့အစည်းအဝေးမှာ စဉ်းစားသွားဖို့ရှိတယ်။ ဒါပေမဲ့ ထားဖို့နေရာက ရှာရခက်တယ်။ နေရာ အခက်အခဲတော့ရှိမယ်” ဟု ပြောသည်။

ထို့ပြင် ပွဲလမ်းသဘင်နှင့် လူစုလူဝေးဖြစ်စေသောပွဲများကို ရွှေ့ဆိုင်းထားရန်လည်း ညွှန်ကြားထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုရုံးချုပ်မှ သိရသည်။

 မြန်မာနိုင်ငံတွင် Vocid-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦး ရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ (၂၅) ရက် နံနက်ပိုင်း ထုတ်ပြန်ထားသည်။



ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မွန်ပြည်သစ်ပါတီညွှန်ကြားချက် (Copy)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...