ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် တက္ကသိုလ်များအားလုံး စာမေးပွဲဖြေဆိုမှု ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် တက္ကသိုလ်များအားလုံး စာမေးပွဲဖြေဆိုမှု ရပ်ဆိုင်း

ရန်လင်းအောင်  - မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid 19 ပိုးရှိသူ လူနာ တွေ့ထားသည့်အတွက်   လက်ရှိ ဖြေဆိုနေသည့် တက္ကသိုလ် စာမေးပွဲများ အားလုံး ရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောကြားသည်။

“မနေ့(မတ် ၂၃) ညက ၁၁ နာရီခွဲမှာ ဖြစ်ကြတယ်။ ညလယ်ပိုင်းမှာ သတင်းတွေ ရတယ်။ အဆင့်ပညာဦးစီးဌာနနဲ့ ဖုန်းတွေ ဆက်ကြတယ်။ ဒီ(မတ် ၂၄ ) မနက်ပိုင်းမှာ တက္ကသိုလ်မှာ အစည်းအဝေးတွေ ခေါ်လိုက်တယ်။ လက်ရှိ ဖြေဆိုနေတဲ့ စာမေးပွဲကို ရပ်ပြီးတော့ နောက် ပြန်လည် အဆင်ပြေသွားတဲ့ အချိန်မှာ စာမေးပွဲကို ဆက်လက် စစ်ဆေးသွားမှာပါ ” ဟု ဆိုသည်။

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ ပထမနှစ်ဝက်စာမေးပွဲ လက်ရှိ ကျင်းပနေချိန်ဖြစ်ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃ သိန်းခွဲကျော် ဝင်ရောက်ဖြေဆိုနေကြောင်း သတင်းရရှိသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့်  မတ်လ၂၄ ရက်နေ့ နောက်ဆုံးထားပြီး အဆောင်များမှ ထွက်ခွာကြရန်၊  မိမိကိုယ်ကို ဂရုစိုက်ကြရန်  မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းသံစဉ်ဦးက တိုက်တွန်းသည်။

“မတ်လ၂၄ရက်နေ့၊ ဒီနေ့ပေါ့လေ။ အဆောင်ကနေ ထွက်ခွာပေးဖို့ ခုလည်း ရှိပါတယ်။ ကြားအင်းဆိပ်ကြီးတို့ ဘာတို့ဘက်မှာဆိုရင် တချို့ရွာဆိုရင် အထွက်ပဲ ရှိတော့တယ်။ နယ်ခံ မဟုတ်တဲ့သူတွေ ပေးထွက်တယ်။ တခြားသူတွေကို မပေးဝင်တော့ဘူး။ ကျနော်တို့ ကျောင်းသားတွေ နယ်ပြန်ရင် နည်းနည်း အခက်အခဲတွေ ရှိတာပေါ့နော်” ဟု ကိုမင်းသံစဉ်ဦးက ဆိုသည်။

အလားတူ ရန်ကုန်တက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မကွေးတက္ကသိုလ်များတွင်  လက်ရှိကျင်းပနေသော စာမေးပွဲများကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာထုတ်ပြန်ခဲ့သည်။

ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိနေရပ်သို့ အမြန်ပြန်ကြပြီး ကျန်းမာရေးဌာန ညွှန်ကြားချက်များကို လိုက်နာနေထိုင်ကြရန် တက္ကသိုလ်ပညာရေးအဖွဲ့များက တိုက်တွန်းထားကြောင်း သတင်းများတွင် တွေ့ရှိရသည်။

Covid-19 ရောဂါစောင့်ကြည့်မှုတွင် လူနာ နှစ်ဦးမှာ ရောဂါပိုးတွေ့ရှိထားကြောင်း မတ်လ ၂၃ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...