မွန်ပြည်နယ် စိတ်ကျန်းမာရေးဌာနတွင် မူးယစ်ဆေးဝါးဖြတ်သူ တစ်နှစ်အတွင်း တစ်ထောင်နီးပါး ရှိ

မွန်ပြည်နယ် စိတ်ကျန်းမာရေးဌာနတွင် မူးယစ်ဆေးဝါးဖြတ်သူ တစ်နှစ်အတွင်း တစ်ထောင်နီးပါး ရှိ

Photo-  မွန်ပြည်နယ် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာန (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားသော စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနတွင် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးလာဖြတ်သူ တစ်ထောင်နီးပါးရှိကြောင်း သိရသည်။

သို့ရာတွင် ယခင်နှစ်ထက် အရေအတွက် အလွန် ကွာခြားခြင်းမရှိကြောင်း ယင်း ဌာန တာဝန်ခံ ဒေါက်တာဝင်းကျော်သူက ပြောသည်။

”မနှစ်က ၂၀၁၈ မှာ ဆေးရုံတက်တဲ့လူရော ပြင်ပလူနာလာပြတဲ့လူရော အကြိမ်ပေါင်း ၁၀၁၄ ကြိမ် ရှိတယ်။ လူနာအသစ် လေးပုံတစ်ပုံ ၂၈၀ နီးပါးလောက် ရှိတယ်။ ၂၀၁၉ ခုနှစ်မှာ ဆေးရုံလာတက်တဲ့လူနာရော အတွင်းလူနာရော ၉၈၂ ယောက် ရှိတယ် လူနာအသစ်က ၂၃၄ ယောက် ရှိတယ်”ဟု ဒေါက်တာ ဝင်းကျော်သူက ဆိုသည်။

အထွေထွေရောဂါကုဆေးရုံနှင့်တွဲလျက်ရှိသောကြောင့် စိတ်ကျန်းမာရေးဆေးရုံကြီးကဲ့သို့ အစားအစာနှင့် ထမင်းကျွေးစနစ်မရှိသလို လူနာများ ထိန်းရန် ကျွမ်းကျင်လုပ်သားများမရှိဘဲ သာမန်ဝန်ထမ်းများ၊ သာမန်သူနာပြုများသာ ရှိသည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ မူးယစ်ဆေးလာဖြတ်သူများတွင် မိန်းကလေးဦးရေ ၁ ရာခိုင်နှုန်းဝန်းကျင်သာ ရှိကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

”တစ်ချို့ကျတော ဆေးစွဲတယ်။ မူးယစ်ဆေးသုံးတယ်။ သူတို့ကိုယ်တိုင်က ဖြတ်ချင်တော့ လာတာရှိတယ် ၊ တစ်ချို့ကျတော့ မူးယစ်ဆေးသုံးပြီး နောက်ဆက်တွဲတွေက စိတ်ရောဂါဖြစ်နေတယ်။ တစ်ချို့တော့ စိုးရိမ်စိတ်လွန်ကဲပြီး လာတာ ဆရာတို့က သူတို့အခြေအနေပေါ်ကြည့်ပြီးတော့ ဆေးကုရတယ်။ ပြီးတော့ တအားကြီး ကြမ်းတမ်းတဲ့ လူတွေလည်း ရှိတယ်၊ သူ့ကိုယ်သူ အန္တရာယ်ပြုနိုင်တာတို့ကို ဆေးရုံတင်လိုက်ရတယ်” ဟု ဒေါက်တာဝင်းကျော်သူက ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု သိရသည်။

ယခုအခါ မွန်ပြည်နယ်တွင် အသက် ၁၀ နှစ်ခန့်ရှိသော ကျောင်းသားလူငယ်များအထိ မူးယစ်ဆေးဝါးသုံးစွဲမှုရှိနေပြီဖြစ်ကြောင်း လူငယ် ၄၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါး အသုံးပြုနေကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများမှ သိရသည်။

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...