မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ပြော

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ပြော
by -
မဇ္ဈိမ
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို ပဏာမ စူးစမ်းရှာဖွေလျက်ရှိပြီး ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများကို(၄)လမ်းသွား အမြန်လမ်းမကြီးအဖြစ် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ဖေဖော်ဝါရီ ၁၄ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ်ကားလမ်းမကြီးသည် လမ်းကြောကြပ်ခြင်း၊ ဆိုးဆိုးဝါးဝါးလမ်းပိတ်ဆို့ခြင်းများ မကြာခနဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဝန်ကြီး ဦးဝင်းခိုင်က ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လမ်းကြောင်း ချောင်လည်သက်သာအောင် မည်ကဲ့သို့ စီမံထားကြောင်းနှင့် ရေရှည်တွင် လက်ရှိလမ်းထက် ခရီးမိုင်အားဖြင့် ပိုမိုသက်သာတောင့်တင်းပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်သော လမ်းကြောင်းအသစ်တစ်ခု ဖောက်လုပ်ပေးရန် ဦးထွန်းထွန်းဦးက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

၂၇၆မိုင်၊ ၃ဖာလုံ ရှည်လျားသည့် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းပါဝင်သည့် ဂုတ်တွင်းလမ်းပိုင်းသည် ယာဉ်သွားလာမှုအရေအတွက် များပြားခြင်း၊ မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းနှင့် ယာဉ်မောင်းအချို့၏ ကျွမ်းကျင်မှုအားနည်းခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခနဖြစ်ပွားနေရကြောင်း ဦးဝင်းခိုင်က ပြောသည်။

မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးသည် Oriental Highway Co.Ltd မှ B.OT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းမကြီးဖြစ်ပြီး (၄၈)ပေ အကျယ်၊ (၄)လမ်းသွား ကတ္တရာလမ်းချဲ့ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယာဉ်ကြောပိတ်ဆို့မှုလျှော့နည်းပြီး နယ်စပ်ကုန်စည်စီးဆင်းမှုမှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်ဟုလည်း ဦးဝင်းခိုင်က ဆိုသည်။

အဆိုပါ မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးသည် မြန်မာ့ဆန်တင်ပို့မှု၏ ၆၀ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူနေသည့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသည့် လမ်းကြောင်းဖြစ်ပြီး မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းမကြီးတစ်ခုလည်း ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...