ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို ၂၀၂၆ သမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။
ညီနောင်မဟာမိတ်ထိန်းချုပ်မြို့နယ်များအပါအဝင် အခြားတော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ် ၆၀ ကို ဧပြီလ ၂၃ ရက် ညပိုင်းက အရေးပေါ်အခြေအနေ ထပ်မံကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ညီနောင်မဟာမိတ်အဖွဲ့အတွင်း နယ်မြေဆိုင်ရာ ပဋိပက္ခနှင့် တရုတ်နိုင်ငံ၏ ဖိအားများ ရှိနေချိန်တွင် စစ်အုပ်စုက အသားစုယူကာ နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းလည်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို ကြိုဆိုခဲ့သည့် TNLA ထိန်းချုပ်နယ်မြေများလည်း ပါဝင်လာသည့်အပေါ် “ရှမ်းမြောက်မှာ စစ်အစိုးရ အုပ်ချုပ်ရေး ချဲ့ထွင်နိုင်ဖို့ ကြိုးစားတာလား။ TNLA ကို လုံးဝ ခေါင်းထောင်လို့ မရတော့အောင် ချုပ်ထိန်းဖို့ ဆောင်ရွက်တာလား ဆိုတာကို စောင့်ကြည့်ရမယ့် သဘောလို့ မြင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် မိုင်းလားတပ်ဖွဲ့ (NDAA ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထိန်းချုပ်နယ်မြေများ ပါဝင်သည်။
ယခင်က စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် မြို့နယ် ၆၃ မြို့နယ်ရှိပြီး လက်ရှိတွင် ၎င်းတို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်နှင့် မန္တလေးတိုင်းရှိ မိုးကုတ်နှင့် စဉ့်ကူး စသည့် သုံးမြို့နယ်ကို ထည့်သွင်းခြင်း မရှိတော့ပေ။
“သူ့ကို ကြိုဆိုတယ်လို့ ပြောထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုတောင် မယုံဘူးဆိုတဲ့ သဘောပေါ့။ သူ့ကို မကြိုဆိုတဲ့အဖွဲ့ဆို ပိုဆိုးမှာပေါ့။ အဲဒီတော့ သူတို့ပြောတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးဆိုတာလည်း ဟန်ပြသက်သက်ပေါ့။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲပါလိမ့်မယ်” ဟုလည်း CDM ဗိုလ်မှူးတဦးက ဆိုသည်။
အဆိုပါ မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့် စတင်ကြေညာပြီးနောက်ပိုင်း စစ်အုပ်စုက သုံးလတကြိမ် သက်တမ်းတိုးခဲ့ကာ နောက်ဆုံးအကြိမ် သက်တမ်းတိုးမှုကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဆောင်ရွက်ခဲ့သည့်အတွက် လာမည့် ဧပြီလ ၂၉ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။
သို့သော် လက်ရှိတွင် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကြေညာလာခြင်းဖြစ်ကာ ထိုအမိန့်သည် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုကြေညာချက်ထွက်အပြီး ယင်းမြို့နယ်များမှ ဒေသခံများသည် ဒေသအတွင်း လေကြောင်းရန်နှင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ တိုးမြင့်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
ယင်းအပေါ် “ပြည်သူတွေအနေနဲ့ အစစအရာရာ ဂရုစိုက်ပြီးနေဖို့ပဲ ပြောချင်ပါတယ်” ဟုလည်း MNDAA တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
ညီနောင်မဟာမိတ် သည် ၂၀၂၃ အောက်တိုဘာမှစ၍ ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်အုပ်စုအား စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း အရေးပါသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် မြို့များကို ထိန်းချုပ်ထားသည် ။
ထို့ပြင် ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အပ်နှင်းကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါ ဒေသများတွင် စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးနိုင်ပြီး လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ အစိုးရကို အကြည်ညိုပျက်စေမှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှုအပါအဝင် အမှုပေါင်း ၂၀ ကျော်ကို စစ်ခုံရုံးဖြင့် စစ်ဆေးမည်ဖြစ်ကြောင်းလည်း ဆက်လက်ထုတ်ပြန်ထားသည်။
လက်ရှိ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က စစ်အုပ်ချုပ်ရေး ဆက်လက်ကြေညာသည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်များ၊ ကရင်နီ (ကယား) ပြည်နယ်တွင် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များ၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။
ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော်မြို့နယ်များ၊ မကွေးတိုင်းတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များ ပါဝင်သည်။
မန္တလေးတိုင်းတွင် ငါန်းဇွန်၊ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များ၊ ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားမြို့နယ်များဖြစ်သည်။







