နတ်ရေကန်သို့ စစ်ကူပို့ရန် စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းနေ (AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်း ခံနေရ)

နတ်ရေကန်သို့ စစ်ကူပို့ရန် စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းနေ (AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်း ခံနေရ)
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo

အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းသို့ စစ်ကောင်စီသည် စစ်ကူအင်အားနှင့် ရိက္ခာအင်အားဖြည့်တင်းရန် ယခုရက်ပိုင်း အတွင်း အသည်းအသန်ကြိုးပမ်းနေကြောင်း သိရသည်။

ရခိုင်ရိုးမတောင်တောင်ပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းမှာ လက်ရှိတွင် AA နှင့် မဟာမိတ်တပ်များ၏ ပိတ်ဆို့ ဖြတ်တောက်မှုဒဏ်ကို အလူးအလဲခံနေရသဖြင့် စစ်ကောင်စီက လေကြောင်းပစ်ကူများ ပေးကာ ပဒါန်းကနေ ယာဉ်တန်းများဖြင့် ရိက္ခာအင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

“ စစ်ကောင်စီက ဒီရက်ပိုင်း ပဇီဘက်နဲ့ နတ်ရေကန်ဘက် ရိက္ခာကို ကားနဲ့ ဖြည့်တာရှိတယ်။ အရင်ကတော့ လေကြောင်းနဲ့ ရိက္ခာတွေ လာလာချတာပေါ့။ အခုတလောကတော့ လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူတွေနဲ့ စစ်အင်အား ရိက္ခာအင်အားတွေကို ကားနဲ့ ဖြည့်တာရှိတယ် ” ဟု ဖြစ်စဉ်အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

ထိုသို့ကြိုးစားနေသော်လည်း အရာမထင်ဘဲ နောက်ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်ကလည်း ရိက္ခာအင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီယာဉ်တန်းကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် ကားတစ်စီး မီးလောင်သွားကြောင်း သိရသည်။

လက်ရှိတွင် AA နှင့် တော်လှန်ရေးတပ်များက ထိုးစစ် ရပ်နားထားသော်လည်း အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ရှိနေကြောင်း သိရသည်။

ထို့အတူ နတ်ရေကန်သို့ စစ်ကူရောက်ရန် စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေပြီး အနီးအနားရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေကြောင်း သိရသည်။

“ နတ်ရေကန်ဘက်ကို ဒီရက်ပိုင်းတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေကတော့ မရှိဘူး။ ပဇီဘက်တော့ အသံတွေ ကြားနေရတယ်။ လေကြောင်းကတော့ နတ်ရေကန် တဝိုက်ကို နေ့တိုင်းလို ဗုံးလာကြဲတာ ရှိတယ် ” ဟု နောက်ထပ် စစ်ရေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

နတ်ရေကန်မကျရေး ပြီးခဲ့သည့် မတ်လကလည်း စစ်ကောင်စီသည် အင်အားအများအပြားကို စစ်ကူ အင်အားဖြည့်တင်းရန် ကြိုးစားခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ကြသည်။

လက်ရှိမှာလည်း စစ်ကောင်စီသည် နတ်ရေကန်နှင့် အနီးကို ဂျက်ဖိုက်တာ၊ Y-12၊ ဒရုန်းနှင့် လက်နက်ကြီး တို့ဖြင့် အနီးအနားက ကျေးရွာများကိုလည်း နေ့စဥ်တိုက်ခိုက်မှုပြုလုပ်နေကြောင်း သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းကားလမ်းမပေါ်ရှိ နတ်ရေကန် ဗျူဟာကုန်းကြီးသည် စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် အဓိကကျသည့်အပြင် ရခိုင်-မကွေး ဝင်ပေါက်ဖြစ်သဖြင့် စစ်ရေးအရ အရေးပါသည့် စခန်းကြီးတစ်ခုဖြစ်သည်။

ထို့အတူ အာရက္ခတပ်တော်၏ ထိုးစစ်များကြောင့် မကွေး၊ ပဲခူးတိုင်းတို့ရှိ ကပစ စက်ရုံများမှာလည်း လုံခြုံ‌ရေး စိုးရိမ်စရာ ဖြစ်လာနေကြောင်း စစ်ရေးနိုင်ငံရေး အကဲသူတို့က မှတ်ချက်ပြုနေကြသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည် မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...