CPU/CPA နဲ့ ULA/AA ခေါင်းဆောင်တွေအကြား တွေ့ဆုံ

CPU/CPA နဲ့ ULA/AA ခေါင်းဆောင်တွေအကြား တွေ့ဆုံ

ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက် ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းတွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့အကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) က ဧပြီလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုဖြင့်ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ  အာရက္ခဒေသကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီတွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက တွေ့ဆုံခဲ့တာဖြစ်တယ်လို့ လည်း CPU / CPA က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများ အကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် တခြားခေါင်းဆောင်တွေနဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပါဝင်တဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ကြပြီး ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါခရီးစဉ်သည် ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန်တရာ အကျိုးရှိ သော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) ဟာ ချင်းညီနောင် ( CB) အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် ဖော်ဆောင်ဖို့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝ၊မင်းတပ်၊မတူပီ၊ကန်ပက်လက်မြို့နယ်တွေက ချင်းညီနောင်အဖွဲ့ဝင် လက်နက်ကိုင်၄ ဖွဲ့က ပထမဆင့် ခြေလှမ်းအနေဖြင့်  ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

April 20, 2026
ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈...
April 11, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း စစ်အုပ်စုရဲ့...
April 10, 2026
အာဏာသိမ်းစစ်ကော်မရှင်ကခေါ်ယူတဲ့ ဧပြီလ ၉ ရက်နေ့မှာ ဟားခါးမြို့မှာ ကျင်းပတဲ့တတိယအကြိမ်...
April 9, 2026
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရကားရွာမှာ မရာကျေးရွာပေါင်းစုံ...