“နိုင်ငံတော်အစိုးရနှင့် ငြိမ်ချမ်းရေးဖော်ဆောင်နေသော KNU အဖွဲ့အား ယင်းတို့လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရမှ မူဝါဒများချမှတ်၍ ညွှန်ကြားလာပါက ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်သိမ်းကပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်ချမ်းရေးဖော်ဆောင်နေသော KNU အဖွဲ့အား ယင်းတို့၏ နယ်မြေအတွင်း လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အာဏာပိုင်အဖွဲ့များက ကူညီပူးပေါင်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးရန် အစီစဉ်ရှိမရှိ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသက်၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
“KNU အဖွဲ့ဟာ ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့ ထားဝယ်နဲ့ ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ရေနက်ဆိပ်ကမ်းလမ်းမကြီးပေါ်မှာ အကောက်ဂိတ်ဖွင့်ပြီးတော့ လုပ်နေပါတယ်။ အကောက်လုပ်တာ မပြောပါဘူး။ မကောက်နဲ့ပြောလည်း သူတို့ကောက်ကြမှာပါ။ သို့သော်လည်းပဲ ဥပမာအားဖြင့် ထီးခီးနယ်စပ်ဂိတ်မှာဆိုရင် တစ်ဖက်နိုင်ငံကို ခြောက်ညအိပ် ခုနှစ်ရက်ခရီးသွားမယ်ဆိုရင် border pass လုပ်ရပါတယ်။ Pass လုပ်တဲ့ အခါမှာ ဓာတ်ပုံရိုက်တယ်။ ကတ်ပြားလေးထုတ်ပေးတယ်။ အားလုံးက မြန်မာငွေတစ်ထောင်ပဲကျပါတယ်။
ဒီအဖွဲ့အစည်းတွေ ကောက်တာက ဘတ်တစ်ရာလောက် ကောက်တဲ့အခါကျတော့ တော်တော်လေးများနေတဲ့ သဘောရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသက်က မေးမြန်စဉ် ထည့်သွင်းပြောဆိုခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် လမ်းပိုင်းတွင် KNU က ငွေကြေးကောက်ခံမှု ရှိသည်မှာ အမှန်တကယ်ဖြစ်ပြီး ကုန်ပစ္စည်းအလုံးအရင်းပါသည့် ကားတစ်စီးကို ပစ္စည်းတန်ဖိုး၏ ငါးရာခိုင်နှုန်း ကောက်ခံပြီး သတ္တုနှင့် ဆိုင်သည့် ပစ္စည်းဆိုပါက ရှစ်ရာခိုင်နှုန်း ကောက်ခံလေ့ရှိ သည်ဟု KNU ဗဟိုကော်မတီအဖွဲ့ဝင် ဖဒိုစောသမိန်ထွန်းက မဇ္ဈိမကို ပြောသည်။
"အခွန်အကောက် ဖြတ်ဖို့က နိုင်ငံရေးဆွေးနွေးပွဲပြီးတော့မှ အစိုးရက ကျွန်တော်တို့အတွက် ရပ်တည်ဖို့ကို ဘာလုပ်ပေးနိုင်မလဲဆို တဲ့အပေါ် မူတည်ပြီး ကြည့်ရမှာပဲ။ အခုအပစ်ရပ်ရေး လုပ်နေပေမယ့် အစိုးရက ကျွန်တော်တို့ကို ထောက်ပံ့တာ ဘာမှရှိတာမဟုတ်ဘူး။ ကျွန်တော်တို့က စားဖို့သောက်ဖို့အတွက် အခွန်ကောက် ရမှာပါပဲ။ ဒါကို ကျွန်တော်တို့ တမင်သက်သက် မိုက်ကြေးခွဲတာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် နယ်မြေအေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် KNU အဖွဲ့အစည်းများအပါအဝင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးနေသည့်အတွက် ငြိမ်ချမ်းရေးဆွေးနွေးမှုများအပေါ် အဟန့်အတား အနှောက်အယှက် မဖြစ်စေရန် အချို့သော ကိစ္စများကို ဖြေလျော့ပေးထားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး၏ ရုံးသို့ ကန့်ကွက်အကြောင်းကြားစာများ ပေးပို့လုပ်ဆောင်လျက်ရှိသည်ဟု ဒုတိယ ၀န်ကြီးက ဖြေကြားသည်။
မွန်ပြည်နယ်အစိုးရကလည်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူပြီး သထုံခရိုင် ဆက်ဆံရေးရုံးတွင် ဆက်ဆံရေးတာဝန်ခံ အရာရှိကြီးများအား မကြာခဏ တွေ့ဆုံပြီး ဥပဒေကို လေးစားလိုက်နာရေး၊ စည်းကမ်းတကျ နေထိုင်ရေး တို့အတွက် ပြေဆိုမှာကြားပေးလျက်ရှိသည်ဟု ဆိုသည်။ ဥပဒေမဲ့ဆောင်ရွက်မှုများ ရှိလာလျှင် ကန့်ကွက်စာပေးပို့ပြီး ထိန်းသိမ်းကြပ်မတ်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ပြောသည်။







