၂၁ရာစုပင်လုံ ဒုတိယအကြိမ် ကျင်းပရန် ရက်ရွှေ့

၂၁ရာစုပင်လုံ ဒုတိယအကြိမ် ကျင်းပရန် ရက်ရွှေ့
by -
မဇ္ဈိမ
ယခုလကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံကို ကျင်းပမည့်ရက် ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဖေဖော်ဝါရီ ၁၄ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို စောင့်ဆိုင်းရန်နှင့် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်အဖွဲ့တို့ တွေ့ဆုံရန် ရှိနေသည့်အတွက် ညီလာခံကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“မတ်လထဲကို ပြောင်းသွားပါတယ်။ အတိအကျတော့ မရသေးဘူး။ ပြောင်းဖို့တော့ သေချာသွားပြီ။ဘာ့ကြောင့်လည်းဆိုတော့ လူမျိုးအလိုက် ဆွေးနွေးပွဲကို ချင်းကိုလည်း လုပ်ခွင့်ပေးလိုက်တယ်။ ချင်းက ၂၀ရက်နေ့ကျမှ ချင်းအမျိုးသားနေ့နောက်ပိုင်းမှ လုပ်ရမယ်ဆိုတော့ မမှီတော့ဘူးလေ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ယခုလ ၂၃ရက်တွင် ကျင်းပသွားရန် လျာထားသည်။

ထို့ပြင် “ဒီကြားထဲမှာ ချိန်းထားတာတွေရှိတယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့မယ်။ ပြီးတော့ ချင်းမိုင်အဖွဲ့တွေ တွေ့မယ်။ ဘာပဲဖြစ်ဖြစ် အချိန်နည်းနည်း ထပ်ယူတဲ့သဘောပေါ့ဗျာ။ တဖက်က အဖွဲ့အစည်းတွေ စဉ်းစားနိုင်အောင်ပေါ့” ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

၂၁ရာစုပင်လုံ ပထမအကြိမ်ညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ယခုလ ၂၈ရက်တွင် ကျင်းပသွားရန် ယခုလ ၆ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် သဘောတူထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ္တိရှိရှိ၊ ယုံကြည်ချက်ရှိရှိဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ရာစုပင်လုံတွင် ပူးပေါင်းပါဝင်ကြပါဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၂ရက်က ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင်ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမး်အနားတွင် တိုက်တွန်းပြောဆိုထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...