ရေးချောင်းဖျားဒေသတွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်းတစ်လုံး ထပ်မံနင်းမိ ပေါက်ကွဲသဖြင့် သေဆုံး

ရေးချောင်းဖျားဒေသတွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်းတစ်လုံး ထပ်မံနင်းမိ ပေါက်ကွဲသဖြင့် သေဆုံး
Photo-မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး သေဆုံးသူ နိုင်အလော့ (နာဲဆာန်လောန်-လဝီဟံသာ)
Photo-မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး သေဆုံးသူ နိုင်အလော့ (နာဲဆာန်လောန်-လဝီဟံသာ)

မွန်ပြည်နယ် ရေးချောင်းဖျားဒေသ ကျောက်သင်္ဘောနှင့် ရင်းရဲချောင်းတဝိုက်တွင် ငါးရှာထွက်သော အရပ်သားတစ်ဦး မတ် ၁၈ မွန်းလွဲပိုင်းတွင် မြေမြှုပ်မိုင်းတစ်လုံး ထပ်မံနင်းမိပေါက်ကွဲသဖြင့် သေဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သတင်းရရှိသည်။

အလားတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ ဥယာဉ်ခြံအလုပ်လုပ်ကိုင်နေသော နိုင်ဗိုင်နှင့် နိုင်ဝင်းလှိုင် တို့သည် လွန်ခဲ့သည့်မတ်လ ၁၁ ရက်နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းတစ်လုံးစီနင်းမိပေါက်ကွဲသဖြင့် ခြေထောက်တစ်ဖက်စီ ဖြတ်တောက်ခံလိုက်ရပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ရေးချောင်းဖျားဒေသအုပ်ချုပ်ရေးနယ်မြေ မြို့နယ်အတွင်းရေးမှူး နိုင်အလမ်းမွန်က “အရင်က အဲဒီအတွင်းလမ်းကြောင်းဘက်မှာ ကားလမ်းဖောက်ခဲ့တာ ဗုံးတွေပေါက်ကွဲခဲ့တာရှိခဲ့ဘူးတယ်၊ အခုသေဆုံးတဲ့သူနဲ့ သူ့အဖော်တစ်ယောက်အဲဒီလမ်းကြောင်းအတိုင်း ငါးရှာဖို့ဆိုပြီး ဆိုင်ကယ်နဲ့သွားတယ်၊ ဆိုင်ကယ်သွားမရတဲ့နေရာရောက်တော့ လမ်းဆက်လျှောက်တယ်၊ မိုင်းနင်းမိပြီး သူ့အဖော်ထမ်းပြန်လာတယ်၊ နောက်ဆိုင်ကယ်နဲ့ပြန်လာရင်း လမ်းတစ်ဝက်မှာသေဆုံးသွားတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူမှာ ရေးချောင်းဖျားဒေသ ကမ်းနီရွာသား နိုင်အလော့ (အသက် ၄၀ နှစ်ခန့်) ဥယာဉ်ခြံလုပ်ကိုင်သူ အရပ်သားတစ်ဦးဖြစ်ကြောင်း အဆိုပါမွန်ပြည်သစ်ပါတီအရာရှိက ဆိုသည်။

ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲ သည့်ကိစ္စသည် မည်သူ့လက်ချက်ဖြစ်သည်ကို အတိအကျမပြောနိုင်သော်လည်း ယင်းလုပ်ရပ်ကို  ပြင်းပြင်းထန်ထန်ရှုပ်ချကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ပြောကြားခဲ့သည်။

“ဘယ်အဖွဲ့ဘဲလုပ်လုပ် ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ကို ရှုပ်ချတယ်၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးမလုပ်စေချင်ဘူး၊ မလုပ်ဖို့လည်းတိုက်တွန်းချင်ပါတယ်၊ အဖြေလည်း ရှာစေချင်ပါတယ်၊ နိုင်ငံရေးပြသနာဆိုရင် နိုင်ငံရေးစနစ်နဲ့ အဖြေရှာ၊ လက်နက်ကိုင်ကိစ္စဆိုရင် လက်နက်ကိုင်အချင်းချင်းဝိုင်းဝန်း အဖြေရှာပေ့ါ၊ ဒါမှမဟုတ်ရင် နယ်မြေ ကိစ္စဆိုရင်လည်း အပြန်အ လှန်ဆွေးနွေးပြီး အဖြေရှာစေချင်တယ်ပေါ့နော်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါရေဖြူမြို့နယ်နှင့် ရေးမြို့နယ်အတွင် ၁၀ ကြိမ်ထက်မနည်း မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူအများစုမှာ ဥယာဉ်ခြံလုပ်ကိုင်သူ မွန်တိုင်းရင်းသားများဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့များ အဆိုပါ ရေဖြူမြို့နယ်နှင့် ရေးချောင်းဖျားဒေသတဝိုက်တွင် တပ်စခန်းများချထားသည်ဟု သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...